မော်လမြိုင်၊ ဇန်နဝါရီ ၂၉
အာဏာသိမ်း စစ်အုပ်စုရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ နီးပါးဟာ Facebook ကနေ ဖယ်ရှားခံလိုက်ရတယ်လို့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar JFM က ထုတ်ပြန်ထားပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ရောင်းချပေးနေတဲ့ အကောင့်တွေ ဖြစ်ပြီး ကျန်အကောင့်တွေဟာ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နဲ့ ဆက်စပ်အကောင့်တွေ ပါဝင်ပါတယ်။
အဲဒီထဲမှာ တယ်လီကွန်း ကွန်ရက် MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနဲ့ ဒဂုန်ဘီယာအမှတ်တံဆိပ်၊ နန်းမြိုင်ကဖီးနဲ့ Indoor Skydiving နဲ့ ဆက်စပ်အကောင့်တွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဝါဒဖြန့်အကောင့်တွေဖြစ်တဲ့ a Light For Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း Facebook က ဖယ်ရှားခဲ့ပြီး အဲဒီအကောင့်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတဲ့ အကောင့်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
JFM ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်နဲ့ ဆက်စပ်အကောင့်တွေကို Facebook ထံ ပေးပို့တိုင်ကြားခဲ့တာကြောင့် အခုလို ဖယ်ရှားခံရတာ ဖြစ်ပါတယ်။
JFM ဘက်ကတော့ Alphabet ၊ Apple ၊ Tiktok နဲ့ Telegram တွေအနေနဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေကို ပိတ်ပင်ပေးဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

