ဘီးလင်း၊ ဇန်နဝါရီ ၂၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ဒုတိယအပတ်ကစလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်နဲ့အလူးကျေးရွာအုပ်စုထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

မနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ဘီးလင်းအခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းအပါအဝင် အထိုင်ချတပ်စွဲထားတဲ့ ဂိတ်စခန်း နှစ်ခုကနေ အဲဒီကျေးရွာအုပ်စုတွေထဲကို လက်နက်ကြီး ခုနှစ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပြန်လာပြီး ထမင်းလာချက်စားတဲ့ စစ်ရှောင်ပြည်သူတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ချက်ချင်း ထွက်ပြေးခဲ့ရတယ်လို့ စစ်ရှောင်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က တစ်ရက်လျှင် အနည်းဆုံး လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တာတွေ ရှိနေပြီး လက်နက်ကြီး ပစ်ခတ်တဲ့ ကျေးရွာတွေဟာ KNU ဘီးလင်းမြို့နယ် အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖိုးဝါးသိမ်၊ အလူးကြီး၊ ညောင်ထောက်နဲ့ သရက်ကုန်းကျေးရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း အလူးကြီးကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.