မော်လမြိုင် ၊ ဇန်နဝါရီ ၃၀

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို စံချိန်တင် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ပထမအပတ်အတွင်း တစ်ကျပ်သား သိန်း ၉၀ ကျော်မှာသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ သိန်း ၁၂၀ ဝန်းကျင်အထိ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာပါ။

ကမ္ဘာရွှေဈေးနှုန်းကလည်း ရွှေတစ်အောင်စကို ဒေါ်လာ ၄၃၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၅၆၀၀ ကျော်အထိ ကမ္ဘာအပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်ရွှေဈေးနှုန်းဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် အဆမတန် စံချိန်တင် မြင့်တက်လာတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်တုန်းက တက်ခဲ့တဲ့ ဈေးတွေကကျတော့ မြန်မာ့နိုင်ငံရေး မငြိမ်မသက်မှုကြောင့် ဖြစ်တဲ့ ဈေးပေါ့နော်။အခုဖြစ်တဲ့ ဈေးက ကျတော့ ဒေါ်လာဈေးကြောင့် မဟုတ်တော့ဘဲနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အခြေအနေကြောင့် မဟုတ်တော့ဘဲနဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအ နေနဲ့ ကမ္ဘာ့ရွှေဈေးကြောင့်ဖြစ်တဲ့ အခြေအနေပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံရေး တင်းမာမှု အခြေအနေတွေအရ ကမ္ဘာ့ ရွှေဈေးနှုန်းထပ်ပြီး မြင့်တက်လာနိုင်တဲ့ အခြေအနေတွေ ရှိနေပြီး ကမ္ဘာ့ ရွှေဈေးနှုန်းထပ်တက်ပါက ပြည်တွင်း ရွှေဈေးနှုန်းလည်း စံချိန်ချိုးသထက် ချိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း မတည်ငြိမ်မှုနဲ့အတူ ဆက်တိုက် စံချိန်တင် မြင့်တက်နေတာကြောင့် ရွှေဝယ်ယူသူတွေအပြင် ရွှေဆိုင်တွေကပါ အရောင်း အဝယ်တွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်- အီရန် စစ်ရေးအခြေအနေ၊ ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား တင်းမာမှု မြင့်တက်လာတာ၊ ကမ္ဘာ့ဘဏ္ဍာ ရေးအပါအဝင် ကမ္ဘာ့နိုင်ငံရေး မသေချာ မရေရာမှုတွေကြောင့် သမိုင်းဝင် စံချိန်တင် ဈေး နှုန်းအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.