ဝါရှင်တန်၊ ဇန်နဝါရီ ၂၉

ပင်လယ်ကွေ့မှာ အမေရိကန်က စစ်အင်အား တိုးမြှင့်ချထားပြီးနောက်သမ္မတ ဒေါ်နယ် ထရန့်က အီရန် အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ အချိန် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတထရန့်ကတော့ ရေတပ်သင်္ဘော အုပ်စု အီရန်နိုင်ငံအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အီရန်စစ်တပ်အနေနဲ့ မောင်းတင်ထားပြီး ဖြစ်သလို ရန်စ တိုက်ခိုက်မှု မှန်သမျှကို ချက်ချင်း အင်းအားပြည့် တုံ့ပြန်ဖို့ အဆင်သင့် ရှိတယ်လို့ ဆိုပါတယ်။

မြေပြင်က ဖြစ်စေ ဝေဟင်က ဖြစ်စေ တိုက်ခိုက်လာမယ်ဆိုရင် အင်အားအားလုံးကို သုံးပြီး တုံ့ပြန် တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က ပြောထားပါတယ်။

မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပြီး နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းးနေတယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်ကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။

အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ နှိမ်နှင်းခံရပြီးနောက် အမေရိကန်က ကူညီပေးမှာ ဖြစ်ကြောင်း ထရန့်က ကတိပေးခဲ့ပြီးနောက် အခုလိုမျိုး သတိပေးလာတာပါ။

အီရန်မှာ ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ပျံ့နှံ့လာပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ထောင်နဲ့ချီ ရှိလာချိန်မှာ ထရန့်က ကြားဝင် ဖြေရှင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူက လေသံလျှော့ပြီး ဆန္ဒပြသူတွေကို အီရန်က ကွပ်မျက်သတ်ဖြတ်တာတွေ မလုပ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၆၃၀၁ ဦးရှိကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က ပြောပါတယ်။

အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန် အင်တာနက်လိုင်း ပိတ်ထားပြီး တခြား နှိမ်နှင်းမှုတွေလည်း ရှိကြောင်းနဲ့ သေဆုံးသူ ၂၅၀၀၀ အထိ ရှိကြောင်း တခြား လူ့အခွင့်အရေး အဖွဲ့တွေက ပြောထားပါတယ်။

ထရန့်က အီရန် နျူကလီးယား လက်နက် မထုတ်လုပ်နိုင်ရေး အဓိက ဦးစားပေး ကြိုးပမ်းနေပုံရပြီး ညှိနှိုင်းရေး စားပွဲဝိုင်းဆီ အရောက်လာဖို့ ဖိတ်ခေါ်ထားပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို မဖမ်းဆီးခင်ကထက် ပိုများတဲ့ စစ်အင်အား ချထားတဲ့အချိန်မှာ ထရန့်က လိုအပ်ရင် ချက်ချင်း အမြန် တိုက်ခိုက် သုတ်သင်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ဇွန်လက တိုက်ခိုက်မှုတွေကို ညွှန်းဆိုပြီး ထရန့်က အီရန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရင် အများကြီး ပိုပြီး ပြင်းထန်လိမ့်မယ်လို့ သတိပေးထားပါတယ်။

အီရန်အစိုးရဟာ သမိုင်းတလျှောက် အားအနည်းဆုံး အချိန်နဲ့ရင်ဆိုင်နေရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ပြောပါတယ်။

အီရန် စီးပွားရေး ပြိုလဲနေပြီး ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုမှုတွေကို မဖြေရှင်းပေးနိုင် ဖြစ်နေတယ်လို့ ဝန်ကြီး ရူဘီယိုက လွှတ်တော်ကော်မတီသို့ ပြောထားပါတယ်။

အီရန်အနေနဲ့ နှစ်ဖက် အကျိုးရှိမယ့် မျှမျှတတ ပြုလုပ်မယ့် နျူကလီးယား သဘောတူညီမှုမျိုးမှုကို အမြဲတမ်း ကြိုဆိုကြောင်း၊ အီရန်အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတာ လုံးဝ မရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လက်ရှိ အပြန်အလှန် သတင်းစကားတွေ ပေးပို့နေပေမယ့် အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မရှိဘူးလို့ အီရန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ကာဇန် ဂါရီဘာဘာဒီက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.