မော်လမြိုင် ၊ ဇန်နဝါရီ ၂၉

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ် ဖြစ်ပွားနေချိန် စစ်တပ်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ထက်ဝက်ကျော် ဆန္ဒမဲပေးခဲ့ကြတဲ့အတွက် အောင်မြင်တယ်လို့ စစ်ကော်မရှင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲသမိုင်းတလျှောက်မှာ ရွေးကောက်ပွဲကို တစ်ရက်တည်းသာ ကျင်းပခဲ့ကြပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အပိုင်းသုံးပိုင်းနဲ့ ကျင်းပခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်းအားလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၂ သန်းကျော်ရှိပြီး လာရောက်မဲပေးသူ ၁၃ ဒဿမ ၁၄ သန်းကျော် ရှိခဲ့တဲ့အတွက် မဲပေးသူ ၅၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီ ၂၆ ရက်နေ့မှာ အသိပေးထားတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနဲ့ လာရောက်မဲပေးခဲ့ကြသူ အရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ စစ်တပ်ရဲ့ ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲဟာ အနိမ့်ဆုံးဖြစ်နေပါတယ်။

အနီးစပ်ဆုံး နှစ်ကာလကို ပြန်ကြည့်ရင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေတဲ့ကြားက ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူ ၃၇ သန်းကျော် ဆန္ဒမဲပေးခဲ့ကြပြီး ဒါဟာ မဲပေးပိုင်ခွင့်ရှိသူစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကတော့ အဲဒီရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာသုံးရပ်လုံးကို သိမ်းယူခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပါတယ်။

အဲဒီနောက် အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာမှာတော့ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်ရင် လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ပြီးချိန် ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၂ ရက်နေ့မှာ စစ်ခေါင်းဆောင်က ထုတ်ပြောထားတာပါ။

နိုင်ငံရေး‌လေ့လာသုံးသပ်သူ ဦးကြီးမြင့်က မဲပေးခြင်းဟာ ပြည်သူတွေရဲ့ ဆန္ဒကို ဥပဒေအရ ခြိမ်း ခြောက်မှုနဲ့ လာဘ်ပေးလာဘ်ယူမှု ကင်းရမှာဖြစ်သလို မတရားအာဏာ မသုံးရဘူးဆိုတဲ့ အချက်တွေနဲ့ ကြည့်ရင် ဒီရွေးကောက်ပွဲမှာတော့ မကိုက်ညီဘူးလို့ ထောက်ပြပါတယ်။

“မဲပေးတယ်ဆိုတာမှာ ကတိပေးတာပေါ့။ မင်း အုပ်ချုပ်ပါဆိုပြီး တိုင်းသူပြည်သားက အာဏာပေး လိုက်တာ၊ ကတိပေးလိုက်တာပေါ့။အဲဒီတော့ ကတိဝန်ခံချက်တို့ ဆန္ဒတို့ ဆိုရာမှာ Law (ဥပဒေ) မှာ ရှိတယ်။ ဆန္ဒဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲဆိုတဲ့အခါကျတော့ ဥပဒေမှာပြောတာ (နံပါတ်) တစ် ခြိမ်းခြောက်မှုကင်းရမယ်။ လာဘ်ပေးလာဘ်ယူကင်းရမယ်။ မတရားအာဏာ မသုံးရဘူး။ အဲဒီဟာတွေနဲ့ဆိုလို့ရှိရင် ကတိမမြောက်ဘူး ဆန္ဒမမြောက်ဘူးလို့ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ခဲ့တယ်။အဲဒါတွေနဲ့တော့ မကိုက်ညီဘူးလေ။ ဒါကြောင့်မို့ ဆန္ဒပေးပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဲပေးတယ်ဆိုတဲ့ဟာက အဲဒီလို နည်းလမ်းတွေနဲ့ ရထားတာဆိုရင်တော့ ဒါက ဆန္ဒမမြောက်ဘူးပေါ့။အဲဒီတော့ ပြည် သူလူထုဆန္ဒက ဆန္ဒအမှန်မဟုတ်ဘူးလို့ ဒီလို ဥပဒေအရ ပြောနိုင်ပါတယ်နော်”လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ အပိုင်းတစ်ခုချင်းစီကို နှစ်ပတ်စီခြားကာ နိုင်ငံတဝန်းရှိ ၂၆၃ မြို့နယ်မှာသာ ပြုလုပ်နိုင်ခဲ့ပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် ၆၇ မြို့နယ်အထိ ရှိခဲ့တာပါ။

စစ်ကော်မရှင်ကတော့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေ သံတမန်တွေ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ရှေ့မှောက်မှာ လွတ်လပ်မှု တရားမျှတမှု ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

Data For Myanmar ရဲ့ အစီရင်ခံစာအရ ဝန်ထမ်းတွေနဲ့ မိသားစုတွေအနေနဲ့ မဲမပေးရင် လက်ရှိ ရာထူးအပြင် ရာထူးတိုးမှုအတွက် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်လို့ မဲပေးခဲ့ကြရပြီး ကျေးလက်ဒေသတချို့မှာလည်း အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို မဲသွားပေးဖို့ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ မိတ်မပျက်ချင်သူတွေ မဲမပေးရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ မဖြစ်မနေ မဲသွားပေးရတာတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မွန်ပြည်နယ်ဒေသခံတစ်ဦးကတော့ မဲမပေးရင် ဘာဖြစ်မယ်ဆိုတဲ့ အကြောက်တရားနဲ့ ဆန္ဒမဲ သွားပေးခဲ့ကြရတာများတာမို့ လူထုကိုယ်စားပြုမှု မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲပေးခြင်းက ဘာလဲဆိုတော့ အဓိက ဒါက မြေပြင်မှာကတော့ ဖိအားတစ်ရပ်အနေနဲ့ သွားပြီး ကြောက်ပြီး ပေးကြတာပေါ့ဗျာ။ ဆိုလိုတာ မဲမပေးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောက်တရားပေါ့။ အဲဒီအပေါ် လူထုက အကြောက်တရားနဲ့ သွားပေးတာပဲ ရှိတယ်။ တကယ်တမ်းက လူထုကို ကိုယ် စားပြုလားဆိုရင်တော့ ကိုယ်စားပြုမှု မရှိဘူးလို့ ကျွန်တော်တို့ ယူဆတာပေါ့”လို့ ဆိုပါတယ်။

နိုင်ငံတောင်ပိုင်းရှိ မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲကို အပိုင်းနှစ်ပိုင်းနဲ့ ပြလုပ်ခဲ့ရာမှာ မော်လမြိုင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့မှာသာ အပြည့်အဝ ကျင်းပနိုင်ခဲ့ပေမယ့် ကျန်တဲ့ ၇ မြို့နယ်မှာတော့ အပြည့်အဝ မကျင်းပနိုင်ခဲ့ပါဘူး။

ကျေးရွာအုပ်စု ၂၄၄ ခုသာ ကျင်းပနိုင်ခဲ့ပြီး ပြည်နယ်ဧရိယာရဲ့ ၄၃ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသမိုင်းတလျှောက် ကျင်းပနိုင်တဲ့ နယ်မြေဧရိယာအရ အကျဉ်းမြောင်းဆုံးဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မဲပေးတဲ့ ရာခိုင်နှုန်းအရလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်စလုံးနဲ့ နှိုင်းယှဉ်ရင် ၃၉ ရာခိုင်နှုန်းကျော်သာရှိခဲ့တဲ့အတွက် စံချိန်တင် အနိမ့်ဆုံးဖြစ်တာကြောင့် ပြည်နယ်လူထုရဲ့ ကိုယ်စားပြုမှုနဲ့ ထောက်ခံအားပေးမှု အနည်းဆုံး ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.