နေပြည်တော်၊ ဇန်နဝါရီ ၂၇

အီရန်က မကြာသေးခင်က မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီ ပမာဏ အများကြီးကို သင်္ဘောနဲ့ တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အရပ်ဖက် ပစ်မှတ်တွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေချိန် အီရန်ဟာ အခုအချိန်မှာ မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီနဲ့ ယူရီးယားဓာတ် အဓိက ထောက်ပံ့ပေးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ယူရီးယားဓာတ်ပစ္စည်းကို မြန်မာ စစ်တပ်ရဲ့ ဗုံးတွေ ထုတ်လုပ်ရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဒီလို ပို့ဆောင်မှုတွေဟာ အီရန်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးအပေါ် ချမှတ်ထားတဲ့ အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ အီရန် ရေရနံတင်သင်္ဘော တစ်စီး မြန်မာနိုင်ငံကနေ မိခင်နိုင်ငံဆီ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက မြေပုံအညွှန်းနဲ့တကွ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောဟာ လေယာဉ်ဆီ တန်ချိန် ၁၆၀၀၀ ကျော်ကို မြန်မာနိုင်ငံ ဆိပ်ကမ်းမှာ လွှဲပြောင်းပေးခဲ့ပြီးနောက် အီရန်သို့ ပြန်သွားတာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ်ဆီ ပမာဏဟာ တိုက်လေယာဉ်တွေ အကြိမ်ထောင်နဲ့ချီပြီး ပျံသန်းဖို့အတွက် လုံလောက်တယ်လို့ သိရပါတယ်။

အီရန်ရဲ့ လေယာဉ်ဆီ ထောက်ပံ့ပေးမှုနဲ့ မြန်မာ စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်လာနိုင်ပြီး ၁၅ လအတွင်း အရပ်ဖက် နေရာ ၁၀၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းတွေ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်ဖို့ အသုံးပြုတဲ့ ဗုံးတွေ ထုတ်လုပ်ရာမှာ မြန်မာ စစ်တပ်ဟာ အီရန်က ပေးပို့တဲ့ ယူရီးယားဓာတ်ကို အသုံးပြုနေကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

မဟာမိတ်ဟောင်းတွေ အင်အားဆုံးရှုံးသွားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြင်းထန်လာချိန်မှာ အီရန်က မြန်မာ စစ်တပ်ကို လေယာဉ်ဆီတွေနဲ့ ယူရီးယားဓာတ်တွေ ထောက်ပံ့ပေးပြီး ဝင်ငွေ ရင်းမြစ် ရှာဖွေနေတာ ဖြစ်ပါတယ်။

၂၀၂၄ အောက်တိုဘာကနေ ၂၀၂၅ ဒီဇင်ဘာအထိ အီရန်က မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီ တန်ချိန် စုစုပေါင်း ၁၇၅၀၀ ပို့ဆောင်ပေးခဲ့ကြောင်း ရိုက်တာ သတင်းက ဆိုပါတယ်။

အဲဒီ လေယာဉ်ဆီတွေကို အီရန်က သင်္ဘောတွေနဲ့ ၉ ကြိမ်တိုင်တိုင် တင်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ယူရီးယားဓာတ်ဟာ ရေနံဓာတု ထုတ်ကုန် ဖြစ်ပေမယ့် မြန်မာ စစ်တပ်က ဗုံးတွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုနေပါတယ်။

ဒီလို အီရန်ရဲ့ ထောက်ပံ့ပေးမှုတွေနဲ့ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနိုင်တဲ့ အတွက် မြန်မာ ပြည်တွင်းစစ်အတွင်း အင်အား ချိန်ခွင်ချာ ပြောင်းလဲလာတယ်လို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်က မြန်မာ စစ်တပ်ကို လေယာဉ်ဆီတွေ ထောက်ပံ့ပေးနေတဲ့အတွက် တာဝန်ခံခိုင်းရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူးက ပြောပါတယ်။

အခုလို အီရန်ရဲ့ လေယာဉ်ဆီ တင်ပို့ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဆီ ဦးတည်စေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး တွမ် အန်ဒရူးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန် သံအဖွဲ့က မှတ်ချက်ပြုဖို့ ငြင်းဆိုထားသလို မြန်မာ စစ်တပ်ကလည်း မှတ်ချက် မပေးပါဘူး။

မြန်မာနိုင်ငံသို့ အီရန်က လေယာဉ်ဆီတွေကို သယ်ယူပို့ဆောင်ခဲ့တဲ့ သင်္ဘောတွေရဲ့ ပိုင်ရှင်ဆီသို့ သတင်းထောက်တွေက အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ သိရပါတယ်။

အရေးယူ ပိတ်ဆို့များဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ အီရန်ဟာ ဝင်ငွေ အသည်းအသန် လိုအပ်နေပြီး မြန်မာ စစ်တပ်ကလည်း လေယာဉ်ဆီ ပိတ်ဆို့ခံနေရချိန်မှာ အီရန်ရဲ့ အကူအညီကို ရယူနေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.