လန်ဒန်၊ ဇန်နဝါရီ ၂၇

ဘေဂျင်းခရီးစဉ် မတိုင်ခင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက သူ့အနေနဲ့ အမေရိကန် ဒါမှမဟုတ် တရုတ်နဲ့ ဆက်ဆံရေးကြား ရွေးချယ်ရတဲ့ အခြေအနေသို့ အရောက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။

ဝန်ကြီးချူပ် စတာမာဟာ ၈ နှစ်အတွင်း ဘေဂျင်းသို့ သွားရောက်တဲ့ ပထမဆုံး ဗြိတိန်ခေါင်းဆောင် ဖြစ်လာမှာ ဖြစ်ပါတယ်။

စီးပွားရေး၊ လုံခြုံရေး၊ ကာကွယ်ရေးတို့နဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရင်းနီးတဲ့ ဆက်ဆံရေးကို ဗြိတိန်က ထိန်းသိမ်းသွားမှာ ဖြစ်ပေမယ့် တရုတ်ကို လျစ်လျူရှုတာက အဓိပ္ပါယ် မရှိတာပဲ ဖြစ်လိမ့်မယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။

ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စီးပွားရေးနိုင်ငံသို့ သွားရောက်တဲ့ ခရီးစဉ်ကြောင့် ဗြိတိန်ကုမ္ပဏီတွေ အတွက် သိသာတဲ့ အခွင့်အလမ်းတွေ ထွက်ပေါ်လာမှာ ဖြစ်ကြောင်း စတာမာက Bloomberg News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောဆိုပါတယ်။

သူနဲ့အတူ ဗြိတိန် စီးပွားရေး ခေါင်းဆောင်တွေလည်း တရုတ်သို့ အတူ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာ ဧရာမ တရုတ်သံရုံး တည်ဆောက်ဖို့ ဗြိတိန်က ခွင့်ပြုလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ စတာမာရဲ့ ဘေဂျင်း ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ သံရုံးကို တရုတ်က လျှို့ဝှက်ထောက်လှမ်းရေးအတွက် အသုံးချနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကန့်ကွက်မှုတွေ ရှိနေပေမယ့် ဗြိတိန်အစိုးရက တည်ဆောက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတွေကြား ရွေးချယ်ဖို့ ကျွန်တော် မကြာခဏ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ကျွန်တော် အဲဒီလို လုပ်မှာ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဥရောပကြားမှာလည်း ကျွန်တော် ရွေးချယ်သွားမှာ မဟုတ်ပါဘူး”လို့ စတာမာက ပြောပါတယ်။

မိမိတို့နဲ့ အမေရိကန်ကြား အလွန်ရင်းနီးတဲ့ ဆက်ဆံရေး ရှိပြီး အဲဒီ ဆက်ဆံရေးကို ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း၊ တရုတ် ခရီးစဉ်အတွင်း အခွင့်အလမ်းတွေ ရှိနေတာကို မိမိတို့ သိထားပေမယ့် မိမိတို့ရဲ့ နိုင်ငံတော် လုံခြုံရေးကို အထိခိုက်ခံမှာ မဟုတ်ကြောင်း စတာမာက ဆိုပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် စတာမာဟာ တရုတ် ခရီးစဉ်အတွင်း ဘေဂျင်းနဲ့ ရှန်ဟိုင်းသို့ သွားရောက်မှာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က တရုတ် ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့လည်း တင်ပြသွားမယ်လို့ ပြောပါတယ်။

ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ အမေရိကန် မဟာမိတ်တွေ အပေါ် အခွန်တိုးကောက်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့တာကြောင့် အမေရိကန်နဲ့ မဟာမိတ်များကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။

ထရန့်က ကနေဒါကိုလည်း ခြိမ်းခြောက်ထားပြီး တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူရင် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.