မော်လမြိုင် ၊ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ရန်ကုန်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တချို့နဲ့ နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေးတန်းမှာရှိနေတယ်လို့ စစ်ကော်မရှင် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီကော်မတီရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေမှာ 92 ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၆၂၅ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၆၆၅ ကျပ်၊ ဒီဇယ်ဆီတွေကိုတော့ ကျပ် ၂၉၀၀ ကျော် ဈေးနှုန်း သတ်မှတ်ထားပါတယ်။
အခုသတ်မှတ်ဈေးနှုန်းဟာ ရန်ကုန်၊ မန္တလေး၊ပဲခူး၊နေပြည်တော်၊ ဘားအံ၊ ထားဝယ်၊ ပုသိမ်၊ မုံရွာတို့နဲ့ နှိုင်းယှဉ်ရင် တစ်လီတာကို ကျပ် ၃၀၀ ကျော်အထိ ဈေးနှုန်းကြီးမြင့်နေတာ ဖြစ်ပါတယ်။
စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီဈေးနှုန်း အမြင့်တန်းမှာ ရှိနေတာဟာ မုဒုံက ဝင်တဲ့ စက်သုံးဆီတွေကို စစ်ကော်မရှင်က ဒေါ်လာ မရောင်းပေးတာ၊ သင်္ဘောကြီးတွေ တိုက်ရိုက်ဝင်လို့မရတဲ့ အတွက်ကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူက နှစ်ချက်ရှိတာပေါ့နော်။ ရန်ကုန် သီလဝါမှာသွင်းတဲ့သူတွေကတော့ အစိုးရက ဒေါ်လာတွေ ရောင်းပေးတာပေါ့။ ဒေါ်လာရောင်းပေးတဲ့အခါကျတော့ အစိုးရဈေးနှုန်းနဲ့ သူတို့ ပြင်ပပေါက်ဈေးထက်တော့ ဈေးနည်းနည်း သက်သာတာပေါ့။ အခု မုဒုံမှာ ဝင်တဲ့ဟာတွေကျတော့ ဒေါ်လာက မရဘူး။ကိုယ်ပိုင်ငွေနဲ့ပဲ ဝယ်ရတာ။ နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာက တန် ၅၀၀၀ ပဲ ဝင်လို့ ရတယ်။ တန် ၅၀၀၀ ပဲ ဝင်လို့ ရတော့ ဟိုကနေလာတဲ့ သင်္ဘောတိုက်ရိုက်ဝင်လို့ မရဘူး။ ဝင်လို့မရတော့ ပြန်ကဲ့ရတာပေါ့။ ပြန်ကဲ့ရတော့ဈေးက ရန်ကုန်ထက်နည်းနည်း ပိုသွားတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် မုဒုံမြို့ရှိ ဆိပ်ကမ်းက ဝင်ရောက်တဲ့ စက်သုံးဆီတွေကို စစ်ကော်မရှင်က ဒေါ်လာ ရောင်းချ ပေးမှသာ ဈေးနှုန်း ကျဆင်းနိုင်မှာ ဖြစ်တဲ့အပြင် သီလဝါ ဆိပ်ကမ်းလို့ သင်္ဘောကြီးတွေ တိုက်ရိုက် ဝင်နိုင်အောင် လုပ်ပေးနိုင်မှသာ အများနည်းတူ ဈေးနှုန်း သက်သာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ အရင်လို စက်သုံးဆီတွေကို ရန်ကုန် သီလဝါ ဆိပ်ကမ်းကနေ သယ်ယူစရာ မလိုဘဲ ဒေသတွင်း အနီးအနား မုဒုံမြို့ရှိ ဆိပ်ကမ်းမှာ သယ်ယူလို့ ရနေပေမယ့် အခုလို ဈေးနှုန်း အမြင့်တန်းမှာ ရှိနေတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာပါ။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီ မကြာခဏ ပြတ်လပ်တာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ၊ လိုသလောက် ဝယ်ယူလို့ မရတာအပြင် ဈေးနှုန်းကြီးမြင့်တာတွေကအစ မကြာခဏ ဆိုသလို ဖြစ်ပေါ် နေတာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

