အစ္စလာမ်မာဘက် ဇန်နဝါရီ ၂၇

ပါကစ္စတန်နဲ့မြန်မာကြား ပုံမှန် စေ့စပ်ရေး အထောက်အကူ ဖြစ်စေဖို့၊ နှစ်နိုင်ငံ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ရေရှည် ပြုလုပ်ရေး နိုင်ငံရေးတိုင်ပင်ဆွေးနွေး နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ဇန်နဝါရီ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပါကစ္စတန် လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး လွှတ်တော် အမတ် မိုဟာမက် အီရှက်ဒါးနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ အဲဒီ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နှစ်နိုင်ငံကြား ပုံမှန်တိုင်ပင် ဆွေးနွေးရေးအတွက် ယန္တရားတစ်ခုလည်း စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ လေးရက်ကြာ ပါကစ္စတန် ခရီးစဉ်အတွက် ဇန်နဝါရီ ၂၄ ရက်ညက အစ္စလာမ်မာဘက်မြို့သို့ ရောက်ရှိလာကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြေညာချက်တစ်ရပ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး အားကောင်းစေဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။

ဝန်ကြီး ဦးသန်းဆွေနဲ့ ဆွေးနွေးမှုများ အပြုသဘောဆောင်ကြောင်း ပြည့်စုံမှု ရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပါကစ္စတန်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းနေတဲ့ အရေးကြီးတဲ့အချိန်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပါကစ္စတန် သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး ပါကစ္စတန်က ထောက်ခံ ကူညီသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက်လည်း ပါကစ္စတန်က ထောက်ခံကြောင်း နိုင်ငံခြားရေး ဝန်ကြီး အီရှက် ဒါးက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း သိရပါတယ်။

စွမ်းပကား တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာရေး နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့လည်း ပါကစ္စတန်နဲ့ မြန်မာကြား သဘောတူညီခဲ့ကြပါတယ်။

Ref:Brecorder

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.