ဘီးလင်း၊ ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေးအဖွား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ ဘီးလင်းအခြေစိုက် ခမရ ၃ တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ အလူးကြီးကျေးရွာရှိ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် မြေးဖြစ်သူ မမိုးရွှေစင်၊ အသက် ၆၀ အရွယ် အဖွားဖြစ်သူ ဒေါ်အေးဝင်းတို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးကြောင့် သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် နော်သော်တာ ပြင်းထန်ဒဏ်ရာရရှိခဲ့သလို သူတို့နေထိုင်တဲ့ နေအိမ်ကလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့ နေ့လည်ပိုင်းမှာ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ အလူးကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေမှာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

