နေပြည်တော်၊ ဇန်နဝါရီ ၂၇

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ထိုင်းနိုင်ငံသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။

မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့က တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာမယ့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်နဲ့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်တို့က နေပြည်တော်မှာ သီးခြားတွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် နှစ်ဦးက နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်သလို သန့်ရှင်းတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ခဲ့တယ်လို့ ထိုင်းသံအမတ်ကို ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင် နှစ်ဦးနဲ့ ထိုင်းသံအမတ်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.