သထုံ၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ဆက်ရှိနေတာကြောင့် စစ်ရှောင်တစ်သောင်းကျော် နေရပ်မပြန်ရဲသေးဘူးလို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျိုက်ထိုမြို့နယ်က အခိုင်၊ဝင်းကံ၊ခရွဲနဲ့ပျဉ်းက တိုးကုန်းကျေးရွာအုပ်စု၊ ဘီးလင်းမြို့နယ်က အလူးနဲ့ကဇိုင်းကျေးရွာအုပ်စုတို့က ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို KNU သထုံခရိုင်ဘက်က လူသားချင်စာနာမှု အကူအညီတွေ ထောက်ပံ့တာတွေ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ဥယျာဉ်ခြံတွေ၊ ကျောက်ဂူတွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ အဆင်ပြေသလို ပုန်းခိုနေထိုင်ရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအတွင်း KNU သထုံခရိုင်ရဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားငါးဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.