လောင်းလုံး၊ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ မကျင်းပမီ တစ်ရက်အလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က လောင်းလုံးမြို့ပေါ် လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကော်မရှင်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေထဲမှာ တစ်လုံးဟာ လောင်းလုံးမြို့အပြင်ရှိ ဒေသအခေါ် ကြံတောရှောင်လမ်းအနီးက နေအိမ်ခြံဝင်းတစ်ခုအတွင်း ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခြံဝင်းအဝင်းကစားနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ခြေထောက်နဲ့ လက်မောင်းတွေမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်နက်ကြီး ထိမှန်သွားတဲ့ ကလေးနှစ်ဦးဟာ ဆေးဝါးကုသမှု အသီးသီး ခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်မှာတော့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ မကျင်းပမီကတည်းက မြို့အနီးပတ်ဝန်းကျင်ကို အင်အားအများအပြားနဲ့ တပ်ဖြန့်ထားတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

