မန္တလေး၊ ဇန်နဝါရီ ၂၆

အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ မန္တလေးတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ သွားရောက်တွေ့စဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ လူငယ်လူရွယ်တွေကအစ တက်တက်ကြွကြွ ဆန္ဒမဲ လာပေးတာ တွေ့ရတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ထမ်းဆောင်ခဲ့တဲ့သူတွေ အားလုံးကို မိမိအနေနဲ့ အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ ပြောပါတယ်။

မန္တလေးခရီးစဉ်မှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပအပြီး အနိုင်ရရှိတဲ့ အစိုးရအဖွဲ့အား နိုင်ငံတော် တာဝန်တွေကို လွှဲပြောင်းပေးသွားမယ်လို့ ထပ်လောင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး အပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့၊ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်နေ့၊ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့တို့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီရွေးကောက်ပွဲမှာတော့ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကသာ လွှတ်တော်ကိုယ်စားလှယ်နေရာ အပြတ်အသတ် အနိုင်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.