ရေဖြူ၊ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ ခြေလျင်တပ်ရင်းက တပ်သား ငါးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်သား ငါးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သား ငါးဦးဟာ MA 1 သေနတ် သုံး လက်၊ MA2 သေနတ် တစ်လက်၊ MA3 သေနတ် တစ်လက်၊ BA100 သေနတ် တစ်လက်၊ ကျည်ဆံအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကော်မရှင်တပ်ရဲ့ မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကော်မရှင်တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ပူးပေါင်းကြဖို့ KNU က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ခလရ ၂၆၅ တပ်ရင်းက စစ်ကော်မရှင်တပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၁ ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.