တိုင်ပေ၊ ဇန်နဝါရီ ၂၆
ဘေဂျင်းက သူတို့ရဲ့ ရာထူး အမြင့်မားဆုံး စစ်ဗိုလ်ချုပ် တစ်ဦးကို စုံစမ်းစစ်ဆေးနေချိန် တရုတ် စစ်တပ် ခေါင်းဆောင်ပိုင်းမှာ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ် စစ်တပ်မှာ ထိပ်တန်း စစ်ဖက် ရာထူးနေရာတွေ အပြောင်းအလဲ ရှိပေမယ့် တိုက်ခိုက်နိုင်တဲ့ အန္တရာယ်အတွက် မိမိတို့ရဲ့ သတိရှိမှုကို အရင်အတိုင်း တိုးမြှင့်ထားဆဲ ဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စည်းကမ်းနဲ့ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်တယ်ဆိုတဲ့ သံသယကြောင့် ဒုဦးစီးချုပ် ကျန်းယူကျားနဲ့ အကြီးတန်းအရာရှိ တစ်ဦး ဖြစ်တဲ့ လွီကျန်းလီတို့ကို စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်က ဇန်နဝါရီ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ကျန်းယူကျားဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ပြီးနောက် ဒုစစ်ဦးစီးချုပ် ဖြစ်ပြီး ဗဟို စစ်ဖက်ဆိုင်ရာ ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။
တရုတ် ပါတီ၊ အစိုးရနဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းအတွင်း ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကို မိမိတို့ အနီးကပ် ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက လွှတ်တော်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး သိမ်းယူမယ့် အစီအစဉ်ကို လုံးဝ စွန့်လွှတ်မှု မရှိဘူးလို့လည်း သူက ပြောပါတယ်။
ဒုစစ်ဦးစီးချုပ် ကျန်းဟာ သမ္မတ ရှီရဲ့ အရင်းနီးဆုံး စစ်ဖက်ဆိုင်ရာ မဟာမိတ်အဖြစ် ရှုမြင်ခံထားရတာ ကြာပြီ ဖြစ်ပြီး တိုက်ပွဲ အတွေ့အကြုံရှိတဲ့ အနည်းငယ်သော တရုတ် အကြီးတန်းအရာရှိတွေထဲက တစ်ယောက် ဖြစ်ပါတယ်။
သူဟာ ၁၉၇၉ ခုနှစ်က ဗီယက်နမ်နဲ့ နယ်စပ် တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ ကိုယ်ပိုင် နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်သို့ နေ့တိုင်းလိုလို စစ်လေယာဉ်တွေ စစ်သင်္ဘောတွေ စေလွှတ်နေပါတယ်။
ထိုင်ဝမ်က ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေး နည်းလမ်းတွေ အားလုံးကို သုံးပြီး တရုတ်ရဲ့ အခြေအနေကို စောင့်ကြည့်သွားမယ်လို့ ဝယ်လင်တန် ကူးက ပြောပါတယ်။
ထိုင်ဝမ်ကို သူတို့ အုပ်ချုပ်မှုအောက်သို့ ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ တရုတ်က ပြောထားပြီး ထိုင်ဝမ်ကျွန်းတဝိုက် လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ် အစိုးရကတော့ ပြည်သူတွေကပဲ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters

