ဝါရှင်တန်၊ ဇန်နဝါရီ ၂၆

၂၀၂၅ ခုနှစ်က ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တဲ့ ရွှေဈေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ တစ်အောင်စကို ဒေါ်လာ ၅၁၀၀ ကျော်အထိ ဆက်လက် မြင့်တက်လာခဲ့ပါတယ်။

ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဘဏ္ဍာရေး၊ ပထဝီနိုင်ငံရေး မသေချာ မရေရာမှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ကမ္ဘာ့ရွှေဈေး သမိုင်းဝင် မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်အတုပ်ဆိုင်ရာ မူဝါဒတွေကြောင့်လည်း ဈေးကွက်တွေကို စိုးရိမ် ပူပန်စေခဲ့ပါတယ်။

ကနေဒါအနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုမယ်ဆိုရင် ကနေဒါအပေါ် အခွန် ရာနှုန်းပြည့် ကောက်ခံမယ်လို့ ထရန့်က ဇန်နဝါရီ ၂၄ ရက်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

မရေရာ မသေချာတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စောင့်ကြည့်ချိန် ပိုရစေရေး ရွှေနဲ့ တခြား တန်ဖိုးကြီး သတ္တုတွေဟာ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံစရာတွေ ဖြစ်လာပါတယ်။

ဇန်နဝါရီ ၂၃ ရက်က ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် ငွေဈေး တစ်အောင်စကို ဒေါ်လာ ၁၀၀ အထိ မြင့်တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ၁၅၀ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့တဲ့ ငွေဈေးလည်း အခုလို ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

တန်ဖိုးရှိ သတ္တုတွေအတွက် ဝယ်လိုအား မြင့်တက်လာတာဟာ ပုံမှန်ထက်ပိုမြင့်မားလာနေတဲ့ ငွေဖောင်းပွမှု၊ အမေရိကန် ဒေါ်လာ အားနည်းနေမှု၊ ကမ္ဘာတဝန်းရှိ ဘဏ်တွေက ဝယ်ယူနေမှု အပါအဝင် တခြားအကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။

အခုနှစ်အတွင်း အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်မံ လျှော့ချမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်းနဲ့ ဂါဇာရှိ စစ်ပွဲတွေအပြင် ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဝင်ရောက် ဖမ်းဆီးမှုတို့ကြောင့်လည်း ရွှေဈေးကို မြင့်တက်လာစေခဲ့ပါတယ်။

ဒါပေမဲ့ ရွှေတူးဖော်ရရှိမှုဟာ ၂၁၆၂၆၅ တန်ပဲရှိကြောင်း ကမ္ဘာ့ရွှေကောင်စီ ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ရေကူးကန် သုံးလေးကန်လောက်ကို ဖြည့်ပစ်လိုက်လို့ရတဲ့ ပမာဏ ဖြစ်ပါတယ်။

အဲဒီ ရွှေတွေဟာ တူးဖော်တဲ့ နည်းပညာ တိုးတက်လာပြီး ရွှေသိုက် နောက်ထပ် ရှာဖွေတွေ့ရှိမှုတွေ ရှိလာချိန် ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း မြေကြီးထဲက ရှာဖွေ ထုတ်ယူထားတဲ့ ရွှေအများစု ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်လူတွေက တခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရင် မသေချာမရေရာတဲ့ အခြေအနေကြောင့် စိတ်ချရမယ့် ရွှေတွေဝယ်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပိုများလာတာနဲ့ အတူ ရွှေဈေးလည်း စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.