နေပြည်တော် ၊ ဇန်နဝါရီ ၂၅

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန်းတားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူမှုတွေ ဆက်တိုက် လုပ်လာနေတဲ့ စစ်ကော်မရှင်က မဲရုံးမှူးကို ဆဲဆိုခဲ့တဲ့ အရက်မူးသူကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က မန္တလေးတိုင်း သာစည်မြို့နယ် ဆံမြိတ်ရှည်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ မဲရုံမှူးအဖြစ် တာဝန်ယူထားတဲ့ ကျောင်းအုပ်ကြီး ဦးရဲလင်းဦးကို ကျေးရွာနေ ကိုကျော်မိုးဦးက အရက်သေစာသောက်စားမူးယစ်ကာ ညစ်ညမ်းစွာ ဆဲဆိုခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်တာပါ။

အဲဒီကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ မဲရုံအမှတ် (၃) မှာ ဦးရဲလင်းဦးက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ မဲပေးစက်တွေ ပျက်စီးမှုမရှိအောင် ဆောင်ရွက်နေချိန်မှာ ကိုကျော်မိုးဦးက ရောက်ရှိလာပြီး မဲရုံမှူးကို ဆဲဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီအတွက် အသက် ၃၄ နှစ်အရွယ် ကို‌ကျော်မိုးဦးကို သာစည်မြို့မရဲစခန်းက ရွေးကောက်ပွဲကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဘယ်လိုမျိုး ဆဲဆိုခဲ့တယ်ဆိုတာကိုတော့ အသေး စိတ် မထုတ်ပြန်ထားပါဘူး။

အလားတူ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ပြည်သူ့အလုပ်သမားပါတီက တွဲဘက်အတွင်းရေးမှူးနဲ့ အဖွဲ့ဟာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းနဲ့ ရှင်ထွေးညိုလမ်းထောင့်မှာ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်စိုက်ထူဖို့ ပြုလုပ်နေချိန်မှာ တားမြစ်တဲ့ လင်းမယားနှစ်ဦးကိုလည်း စစ်ကော်မရှင်က အရေးယူခဲ့ပါတယ်။

ဖြစ်စဉ်အရ လမ်းဆုံအနီး အဖျော်ယမကာဆိုင်က အသက် ၄၀ ကျော်အရွယ် လင်းမယားနှစ်ဦးဟာ ပါတီအဖွဲ့ဝင်တွေကို ဆိုင်းဘုတ်မထူဖို့ နည်းမျိုးစုံနဲ့ လာရောက်တားမြစ်ပြီး အမျိုးသားဖြစ်သူက ညစ်ညမ်းတဲ့အပြုအမူနဲ့ လုပ်ဆောင်ခဲ့လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မနဲ့ အရေးယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေး စိုက်ဘုတ်ကို မီးရှို့ဖျက်ဆီးတယ်ဆိုပြီး ခရမ်းမြို့နယ် ညောင်ကုန်းကျေးရွာနေ အမျိုးသားနှစ်ဦးကိုလည်း ဇန်နဝါရီ ၁၇ ရက်နေ့က ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင် နည်းအမျိုးမျိုးနဲ့ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရသူတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ဇန်နဝါရီ ၁၉ ရက်နေ့အထိ အရေးယူမှု ၃၃၁ မှုနဲ့ နိုင်ငံတဝန်း အမျိုးသား အမျိုးသမီး ၄၀၄ ဦး အမှုဖွင့်ခံထားရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်း ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြောထားတာပါ။

အသံအဖွဲ့ကတော့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဟာ ရွေးကောက်ပွဲကို ကာကွယ်ဖို့ထက် ဝေဖန်သူတွေကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်အထိ ပေးနိုင်တဲ့ လက်နက်တစ်ခုအဖြစ် အသုံးချခံနေရတာလို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.