မော်လမြိုင်၊ ဇန်နဝါရီ ၂၃

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍက ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၆ ဦး သေဆုံးခဲ့တယ်လို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မ ရှင်တပ်ကြောင့် ပညာရေးကဏ္ဍ ဆရာ၊ဆရာမတွေအပါအဝင် အမျိုးသမီး ၄၇ ဦးနဲ့ အမျိုးသား ၄၉ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၇၁ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၃၉ ဦးနဲ့ အများဆုံး ဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၂၇ ဦး နဲ့ သေဆုံးသူ ဒုတိယအများဆုံး ဖြစ်ပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းတွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၀ ဦးနဲ့ အများဆုံးဖြစ်ပြီး အဲဒီကာလအတွင်း အတည်ပြုဖို့ လိုအပ်နေတဲ့ အရပ်သား ၁၆ ဦး စာရင်းကိုလည်း အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ AAPP က ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သုံးတန်းကျောင်းသား ဂျိုဟန်နဲ့ ငါးတန်းကျောင်းသူ ဇိန်ကျဲရ်တို့ နှစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ ၇၇၀၁ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.