ရေး၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ တပ်ရင်းဌာနချုပ်တွေက စစ်မှုထမ်းတပ်သားတွေ ဆက်တိုက်အလင်းဝင်နေတယ်လို့ ရေးပြောက်ကျားတပ် YGF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်မှုထမ်းတပ်သား ၉ ဦးဟာ ရေးပြောက်ကျားတပ် YGF ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၅၈၈ ခြေ မြန်တပ်ရင်းက တပ်သား ၃ ဦး၊ ကိုးမိုင်ရွာအခြေစိုက် အမှတ် ၂၉၉ ခြေလျင်တပ်ရင်းက တပ်သား ၃ ဦး၊ ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက တပ်သား ၃ ဦးတို့ ဖြစ်ပါတယ်။

သူတို့ ၉ ဦးဟာ မွန်ပြည်နယ် သံဖြုဇရပ်မြို့နယ် အမှတ်(၄) တပ်မတော် တန်းမြင့်လေ့ကျင်ရေးသင် တန်း ကျောင်းက စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်း တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေဟာ စစ်မှုထမ်းအတွက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ၊ ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရပြီးနောက် စစ်သားစုဆောင်းခံရသူတွေ အများဆုံးပါဝင်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၅၃ ခြေလျင်တပ်ရင်းက စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ရေးပြောက်ကျားတပ် YGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.