ရေး ၊ ဇန်နဝါရီ ၂၃
ပြီးခဲ့တဲ့ ၂၀၂၄ ကနေ ၂၀၂၆ ဇန်နဝါရီအထိ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးသွားတဲ့ တပ်ပြေးတွေကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF က ဇန်နဝါရီ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
MSRF တပ်ကနေ ထွက်ပြေးသွားတဲ့ ရဲဘော် ၁၄ ဦးရဲ့ ဓာတ်ပုံနဲ့တကွ နာမည်၊ ကိုယ်ရေးနံပါတ်တွေကို ဖော်ပြထားပြီး သတ်မှတ်ခွင့်ရက်အတွင်း တပ်ရင်းကို ပြန်လာခြင်း မရှိသူတွေလည်း ပါဝင်သလို ရှေ့တန်းနဲ့ နောက်တန်းတို့မှာ တာဝန်ထမ်းဆောင်နေစဉ် တပ်ကနေ ထွက်ပြေးခဲ့ကြတဲ့ တပ်ပြေးတွေလို့ ဆိုပါတယ်။
အဲဒီတပ်ပြေးတွေဟာ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မိမိရဲ့ သဘောဆန္ဒနဲ့ ထွက်ပြေးခဲ့ကြတာကြောင့် တပ်နဲ့ သက်ဆိုင်ခြင်း မရှိတော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
တပ်ပြေးတွေကို အရေးယူသွားမယ့်ကိစ္စအပါအဝင် ထွက်ပြေးသွားသူတွေထဲမှာ စစ်တပ်ထံ အ လင်းဝင်တာ ရှိ၊ မရှိနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်မှု အချိန်ကာလသတ်မှတ်ချက် စတာတွေကို သိရှိနိုင်ဖို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၇ ရက်နေ့မှာ ဗိုလ်မှူးထူး လက်ရှိ တပ်ရင်းမှူး နိုင်ဒရာဂွန် ဦးဆောင်ပြီး လူ ၇ ဦး၊ လက်နက် ၃ လက်နဲ့ ရေးမြို့နယ် တောင်ပိုင်းဒေသမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေတာပါ။
ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ ၂၀၂၁ အာဏာသိမ်းမှု တကျော့ပြန်ချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသူတွေကို စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခဲ့မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အလျိုလျိုပေါ်ပေါက်လာခဲ့ပြီး MSRF လည်း ပါဝင်ပါတယ်။
မွန်လူမျိုးနဲ့ မွန်ပြည် အခြေပြုတဲ့ MSRF အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ခံယူပြီး ကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်က လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်(၁) စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ (၃၃) နဲ့လည်း မဟာမိတ်တပ်ကနေ တဆင့်တိုးကာ အချင်းချင်း အသက်ပေးကာကွယ်မယ့် “ညီနောင်တပ်ဖွဲ့”အဖြစ် ပြီးခဲ့တဲ့နှစ် ဩဂုတ်၂၇ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။
တစ်ဘက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ လူငယ်တွေ ဦးဆောင်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA မှာ တပ်ဖွဲ့ဝင်အဖြစ် တိုင်းရင်းသားအမည်ခံ မွန်ပြည်တော်လှန်ရေးတပ် MSRF လည်း ပါဝင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSRF

