မော်လမြိုင် ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းမီဒီယာသမား ၂၇ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM က တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြလာတဲ့ ထုတ်ပြန်ချက်ထဲမှာ အခုလို သတင်းသမားတွေကို လွှတ်ပေးဖို့အပါအဝင် သတင်းသမားတွေ လုံခြုံလွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နဲ့ ထုတ်ဖော်ရေးသားပိုင်ခွင့်တွေကို အသိအမှတ်ပြုပေးဖို့၊ အာဏာပိုင်တွေအနေနဲ့ သတင်းသမားတွေရဲ့ ဘေးကင်းရေးနဲ့ အကာအကွယ်ရရှိရေးအတွက် ပူးပေါင်းပေးဖို့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး စတဲ့အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ IPCM ရဲ့ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ မြန်မာသတင်းမီဒီယာကိုယ်စားလှယ်တွေက အခုလိုအချက်တွေကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ညီလာခံအတွင်း IPCM ရဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ် ၂ နှစ်တာသက်တမ်းအတွင်း လုပ်ငန်းစဉ်တွေကို အစီရင်ခံ တင်ပြခဲ့သလို ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြီးခဲ့တဲ့ ၂ နှစ်တာ သက်တမ်းမှာ ကောင်စီအနေနဲ့ အကျဉ်းကျခံ မြန်မာသတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ၂၀၂၄ နဲ့ ၂၀၂၅ နှစ်နှစ်တာသက်တမ်းမှာ မတရားအဖမ်းခံထားရတဲ့ သတင်းသမားတွေအတွက် ထောက်ပံ့မှုတချို့လုပ်ပေးနိုင်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ သတင်းသမားတွေအတွက် လုံခြုံရေးနဲ့သတင်းရယူပိုင်ခွင့်တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။” လို့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ကောင်စီအနေနဲ့ ရှေ့သက်တမ်းမှာလည်း အဖမ်းခံထားရတဲ့ သတင်းသမား ၂၇ ဦး ပြန်လည်လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ့်အပြင် နိုင်ငံပြင်ပရောက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးသွားလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း သတင်းမီဒီယာ ၁၅ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေကို တဖက်သတ်ပြဌာန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ဒါ့အပြင် ၅ နှစ်အတွင်း စစ်ကော်မရှင်ရဲ့ မီဒီယာဖိနှိပ်မှုက အလွန်ပြင်းထန်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေလို့ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရတဲ့ ထိပ်တန်းနိုင်ငံများစာရင်းမှာ ပါဝင်နေသည်အထိ အန္တရာယ်ကျရောက်နေပြီလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် သတင်းမီဒီယာသမားတွေ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြဖို့နဲ့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချခြင်းနဲ့နှိပ်စက်သတ်ဖြတ်ခြင်းတွေကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ IPCM က တိုက်တွန်း တောင်းဆိုထားပါတယ်။

IPCM ရဲ့ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ အလုပ်အမှုဆောင်ကော်မတီမှာ ဥက္ကဌအဖြစ် သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်၊ အတွင်းရေးမှူးအဖြစ် ဝါရင့်သတင်းသမား ဦးတိုးဇော်လတ်တို့အပြင် သတင်းဌာနကိုယ်စားပြုသူ ၉ ဦး၊ အလွတ်သတင်းသမား ၃ ဦးနှင့် မီဒီယာကျွမ်းကျင်သူ ၂ ဦး တို့ ပါဝင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.