ဘန်ကောက်၊ ဇန်နဝါရီ ၂၀
လူတစ်ယောက်ကို ဘတ်ငွေ ၃၀၀၀ ကနေ ၇၅၀၀ လောက်အထိ ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ မဲပေးကြမှာ ဖြစ်ကြောင်း မဲပေးပိုင်ခွင့်ရှိသူ လေးပုံတစ်ပုံကျော်ကို ကောက်ယူထားတဲ့ စစ်တမ်း တစ်ခုက ဖော်ပြခဲ့ပြီးနောက် မဲဝယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးနေပါတယ်။
မဲဝယ်ယူမှု တားဆီးရေး ပါဝင်ကူညီကြဖို့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေကို တိုက်တွန်းတဲ့ မက်ဆေ့ချ်တွေ ပေးပို့ထားကြောင်းနဲ့ လာမယ့် ရွေးကောက်ပွဲကို ရိုးသားမှုရှိတဲ့ မဲတွေအပေါ် အခြေခံပြီး အပြုသဘောဆောင်တဲ့ အခြေအနေမှာ လူအများ လက်သင့်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေချင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးချုပ် ဆာဝေအန် ဘွန်မီးက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက် အများကြီး ရှိလာစေဖို့ ရည်ရွယ်ထားပြီး အရင်က ရွေးကောက်ပွဲမှာ ရှိခဲ့တဲ့ မဲပေးသူ ၇၅ ရာခိုင်နှုန်းထက် ပိုများစေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
ပြည်သူလူထုကို ကိုယ်စားပြုမယ့် သင့်တော်တဲ့ ကိုယ်စားလှယ်တွေ၊ မူဝါဒတွေအပေါ် အခြေခံပြီး မဲပေးတဲ့ ရွေးကောက်ပွဲ ဖြစ်သင့်ပြီး တခြား အကြောင်းအရာ အချက်အလက်တွေကြောင့် လွှမ်းမိုးမှု မရှိသင့်ဘူးလို့လည်း ရွေးကော် အတွင်းရေးမှူးချုပ် ဘွန်မီးက ဆိုတာပါ။

မဲဝယ်ယူဖို့ ကြိုးပမ်းမှုတွေ ပိုမို ပြင်းထန်လာနေကြောင်း စီးပွားရေး၊ စက်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲ ကော်မတီက ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပြီး မဲပေးမယ့်သူ တစ်ယောက်အတွက် ဘတ် ၇၅၀၀ အထိ ကြေးပေါက်နေကြောင်း ဖော်ပြထားပါတယ်
အဲဒီလို လုပ်ရပ်တွေကို တားဆီးကာကွယ် နှိမ်နှင်းရေးဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန် ဖြစ်တယ်လို့ မစ္စတာ ဘွန်မီးက ပြောပါတယ်။
မဲဝယ်ယူဖို့ ကြိုးပမ်မှု အတိုင်းအတာ အတိအကျကို မသိရပေမယ့် မဲဝယ်ယူဖို့ ကြိုးပမ်းမှုတွေကို ရွေးကောက်ပွဲ ကော်မရှင်က ကောင်းကောင်း သတိပြုမိတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ ဖြစ်ရပ်တွေကို စုံစမ်း စစ်ဆေးရေး စစ်တမ်းကောက်ယူမှု နောက်ကွယ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူစရာ မလိုဘဲ ရွေးကောက်ပွဲ ကော်မရှင်မှာ စုံစမ်း ထောက်လှမ်းနိုင်တဲ့ စွမ်းပကား ရှိပြီးသား ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးရာမှာ ဒေသတွေကို အနီရောင်၊ အဝါရောင်နဲ့ အဖြူရောင်ဇုန်တွေအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း မစ္စတာ ဘွန်မီးက ပြောထားပါတယ်။
ထိုင်းမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ၄၂ ရာခိုင်နှုန်းက မဲဝယ်ယူမှုတွေ ရှိနေကြောင်း ယုံကြည်ထားတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
၆၉ ရာခိုင်နှုန်းကတော့ မဲထည့်ဖို့ ငွေပေးရင် သူတို့အနေနဲ့ ငြင်းပယ်မှာ ဖြစ်ကြောင်းလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဘန်ကောက်နဲ့အနီးတဝိုက် ပြည်နယ်တွေမှာ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပြီး လူတစ်ယောက်ကို ဘတ် ၃၀၀၀၊ ၅၀၀၀ ကနေ ဘတ် ၇၅၀၀ အထိ ကမ်းလှမ်းမှုတွေ ရှိနေကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ထိုင်းမှာ ရွေးကောက်ပွဲ နီးကပ်လာနေချိန် အမျိုးသားရေးဝါဒ အားကောင်းလာနေပြီး နိုင်ငံခြားသား ဆန့်ကျင်မှုတွေလည်း ပိုများလာနေပါတယ်။
Ref:Bangkokpost

