ရေး၊ ဇန်နဝါရီ ၂၀
မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပတ်ထိုးနေတာကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေနဲ့ လုပ်ငန်းခွင်ထဲ မသွားရဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသဘက်မှာ ရွာစဉ်လှည့်ပြီး စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ လမ်းမှာတွေ့သမျှ ခြံသမားတွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ လမ်းပြအဖြစ် ခေါ်ယူတာတွေ ရှိနေတာကြောင့် ခြံသမားတွေဟာ ဥယျာဉ်ခြံတွေထဲ မသွားရဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၁၅ ရက်နေ့က အောင်သပြေကျေးရွာမှာ တိုက်ပွဲ တစ်ကြိမ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ကနင်ကမော့ကျေးရွာအနီးမှာ တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားထားပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းအထိ ကွမ်ကျိုက်ကျေးရွာအနီး ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်န်ဝါရီ ၁၅ ရက်နေ့က အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က သုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

