မော်လမြိုင်၊ ဇန်နဝါရီ ၂၀
မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အုတ်ဖိုမြို့ပတ်လမ်း ငါးကန်ဟောင်းအတွင်းမှာ လည်လှီးသတ်ဖြတ်ခံထားရတဲ့ အမျိုးသား တစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသတ်ခံရတဲ့သူဟာ လှိုင်ရပ်ကွက် အုတ်ဖိုမြို့ပတ်လမ်းနေ အသက် ၄၂ နှစ်အရွယ် ကိုစိုးမိုးထိုက် ဖြစ်ပြီး အသတ်ခံရပြီးနောက် အလောင်းဖျက်စွန့်ပစ်ခံခဲ့ရတာပါ။

ကိုစိုးမိုးထိုက်ဟာ အသတ်ခံရစဉ် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဘယ်ဘက်နားထင်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိထားတာ ဖြစ်ပါတယ်။

ကိုစိုးမိုးထိုက်ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ဒေသခံတွေ တွေ့ရှိပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ဆယ်ယူပြီး မော်လမြိုင်ဆေးရုံရင်ခွဲရုံထံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေး တင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ အမျိုးသားတစ်ဦး လည်လှီးသတ်ဖြတ်ခံမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အသက် ၇၀ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမ တစ်ဦး အသတ်ခံရပြီး ရွှေထည်ပစ္စည်းတွေ လုယက်ခံခဲ့ရပေမယ့် တရားခံကို လက်ရှိအချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

