ဝါရှင်တန်၊ ဇန်နဝါရီ ၂၀

ပဋိပက္ခတွေ ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် တစ်နေရာစာ အတွက် နိုင်ငံတွေဆီကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာ ၁ ဘီလီယံစီ ကောက်ခံသွားမှာ ဖြစ်ကြောင်း သူ့ရဲ့ ပဋိညာဉ် စာချုပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အဲဒီ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ကြဖို့လည်း အိမ်ဖြူတော်က တိုက်တွန်းထားပါတယ်။

အဲဒီ ဘုတ်အဖွဲ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ဟန်ဂေရီသမ္မတ ဗစ်တာ အော်ဘန်၊ ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနေနဲ့ ထရန့်ကိုယ်တိုင် ဦးဆောင်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဘုတ်အဖွဲ့မှာ ပါဝင်ကြမယ့် နိုင်ငံ့ ခေါင်းဆောင်တွေအနေနဲ့ ပထမဆုံးနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကျော် ပေးနေသရွေ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ၃ နှစ် ဒါမှမဟုတ် အဲဒါ ထက်ပိုပြီး နေရာ ပေးသွားမှာ ဖြစ်ကြောင်း ထရန့် အစိုးရက ပြောထားပါတယ်။

ဘုတ်အဖွဲ့မှာ ပါဝင်လိုတဲ့ နိုင်ငံ တစ်နိုင်ငံချင်းစီအနေနဲ့ သုံးနှစ်တာ ဘုတ်အဖွဲ့ဝင် ဖြစ်ရေး အခုနှုန်းထား အတိုင်း ပေးဆောင်ကြရမှာ ဖြစ်ပြီး သက်တမ်းတိုးလိုရင် သက်တမ်းတိုးနိုင်ကြောင်းလည်း ထရန့် အစိုးရရဲ့ သဘောတူစာချုပ်မှာ ဖော်ပြပါတယ်။

အဲဒီဘုတ်အဖွဲ့က ကနဦးမှာ ဂါဇာ ပြန်လည် တည်ဆောက်ရေး ကြီးကြပ်ဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ သူတို့ ပါဝင်မှု အခန်းကဏ္ဍကို ကန့်သတ်ထားပုံ မရပါဘူး။

အဓိက ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက် ဒုတိယအနေနဲ့ အမှုဆောင် ဘုတ်အဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ဒုတိယဘုတ်အဖွဲ့ကတော့ အကြံပေးအဖွဲ့အနေနဲ့ လှုပ်ရှား ဆောင်ရွက်သွားမှာ ဖြစ်ပုံရပါတယ်။

အဓိက မဟာမိတ် နှစ်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ ပြင်သစ်တို့ရဲ့ ကနဦး တုံ့ပြန်မှုကတော့ အေးစက်စက် နိုင်တာ တွေ့ရပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်နိုအယ် ဘာရော့က မိမိတို့အနေနဲ့ အခု အခြေအနေမှာ အဲဒီ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို လက်မခံနိုင်သေးဘူးလို့ ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

ပြင်သစ်ဟာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်တို့နဲ့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး ဗီတိုအာဏာ ကိုင်စွဲထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကနေဒါအစိုးရအနေနဲ့ အဲဒီဘုတ်အဖွဲ့မှာ ပါဝင်နိုင်ပေမယ့် ငွေပေးမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် မက်ခ် ကာနေကတော့ ဘုတ်အဖွဲ့မှာ ပါဝင်ရေး ကမ်းလှမ်းမှုကို လက်ခံသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

ဒါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစား ထရန့်က ငွေပေးသလောက် ကမ္ဘာ့အရေးကိစ္စတွေမှာ ပါဝင်ဆုံးဖြတ်ခွင့်ပေးမှာ ဖြစ်ကြောင်း ပြောဆို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဂျော့ချ် ဝါရှင်တန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ပေါလ် ဝီလီယံက ပြောပါတယ်။

ဒါပေမဲ့ ထရန့် တစ်ယောက်တည်းကပဲ ဗီတိုအာဏာကို အသုံးချဖို့ ရှိနေတယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကတော့ အမေရိကန်ဟာ နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာက ပိုအရေးပါတယ်လို့ ယုံကြည်ထားကြောင်း ပြောဆိုထားပါတယ်။

ထရန့်က ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကို ဖယ်ရှားမယ်ဆိုရင် ဘုတ်အဖွဲ့ဝင် သုံးပုံတစ်ပုံရဲ့ ဗီတိုအာဏာနဲ့ ဆုံးဖြတ်မယ်လို့ ဆိုပြီး အစားထိုးမယ့် အဖွဲ့ဝင်ကိုတော့ သူက ဥက္ကဋ္ဌအနေနဲ့ ရွေးချယ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.