ကျွန်းစု၊ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စုမှာ ၁၀ ရက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံကနေ သိရပါတယ်။

ဘဒ္ဒနဲကျေးရွာအုပ်စုအတွင်းကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်သင်္ဘောနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်နဝါရီ ၁၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

၁၀ ရက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ကျောက်တန်းငယ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကာ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တပ်တွင်းစခန်း ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်နှစ်ဦး ကျဆုံးပြီး စခန်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလားတူ အဲဒီနေ့မှာလည်း စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ကာကင်းစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်တန်းငယ်၊ အောက်ကြက်တန်း၊ မန်းကြီးနဲ့ ဝန်သိုက်ကျေးရွာဘက်ကို နယ်မြေရှင်းလင်းခဲ့ကာ ပြည်သူ့ပိုင် နေအိမ် ၁၀၀ နီးပါးကို မွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တန်းငယ်ကျေးရွာအနီးမှာ ၁၀ ရက်ကျော်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ တပ်ရင်း၊ မြိတ်-ပကဖ၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.