နယူးယောက် ဇန်နဝါရီ ၁၄

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ဇန်နဝါရီ ၁၃ ရက်က မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့မှာရှိတဲ့ Ford ကားစက်ရုံကို သွားရောက်လည်ပတ်စဉ် စက်ရုံအလုပ်သမားတစ်ဦးနဲ့မလိုလားအပ်တဲ့ အခြေအနေတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကားစက်ရုံက အလုပ်သမားတစ်ယောက်ဟာ ဂျက်ဖရီ အက်စတိန်း အမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သမ္မတထရန့်ကို အော်ဟစ်စကားပြောခဲ့တာပါ။

အွန်လိုင်းပေါ်က ဗီဒီယိုတွေထဲမှာ အဲဒီ အလုပ်သမားဘက်က မသင့်တော်တဲ့ စကားလုံးတချို့နဲ့ အော်ပြောလိုက်တဲ့အခါ သမ္မတထရန့်က သူ့ဘက်ကို လှည့်ကြည့်ပြီး ယဉ်ကျေးမှုမရှိတဲ့ လက်အမူအရာတစ်ခု ပြန်လုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒီဗီဒီယိုကို TMZ ဆိုတဲ့ ဖျော်ဖြေရေးသတင်းဝက်ဘ်ဆိုက်က အရင်ဆုံး ထုတ်ပြန်ခဲ့ပြီးအိမ်ဖြူတော်ဘက်ကလည်း ဗီဒီယိုရဲ့ စစ်မှန်မှုနဲ့ပတ်သက်လို့ ငြင်းဆိုထားခြင်း မရှိပါဘူး။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကတော့ “အလုပ်သမားတစ်ယောက်က ဒေါသထွက်ပြီး အမုန်းစကားတွေ အော်ဟစ်ခဲ့တာဖြစ်ပြီး သမ္မတရဲ့ တုံ့ပြန်မှုက ရှင်းလင်းပြီး သင့်တော်တယ်” လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ဖြစ်နေချိန်မှာ သမ္မတထရန့်ဟာ Ford F-150 ကားထုတ်လုပ်ရေးလိုင်းကို လမ်းလျှောက်ကြည့်ရှုနေတာဖြစ်ပြီး တခြား အလုပ်သမားအများစုကတော့လက်ခုပ်တီးကြိုဆိုကြပြီး ဓာတ်ပုံရိုက်ကာ လက်ဆွဲနှုတ်ဆက်ကြတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ Ford ကုမ္ပဏီ အကြီးအကဲ ဘီလ် ဖို့ဒ်က ဒီဖြစ်ရပ်ကို “စိတ်မကောင်းစရာ အဖြစ်အပျက်” လို့ ခေါ်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် အရှက်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခရီးစဉ်တစ်နာရီလောက်ထဲက အဲဒီဖြစ်ရပ်ဟာ စက္ကန့်ခြောက်ပဲ ဖြစ်ခဲ့တာဖြစ်ပြီး ခရီးစဉ်ကတော့ အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။

သမ္မတထရမ့်ဟာ အရင် ကလည်း လူအများရှေ့မှာ ဝေဖန်မှုတွေ ကြုံရချိန် မသင့်တော်တဲ့ စကားလုံးတွေ အသုံးပြုတာအကြိမ်ကြိမ် ရှိခဲ့ပါတယ်။

သူဟာ၂၀၁၉ ခုနှစ်မှာ ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့လိင်မှုကျူးလွန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဂျက်ဖရီအက်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကိုင်တွယ်ပုံကြောင့်အခုထိ ဝေဖန်မှုတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အက်စတိန်း အမှုနဲ့ ပတ်သက်ပြီး မှန်ကန်မှု မရှိကြောင်း ထရန့်က အမြဲတမ်း ငြင်းဆိုနေပါတယ်။

အခု မီရှီဂန်ခရီးစဉ်ဟာ အမေရိကန် ပြည်တွင်း ထုတ်လုပ်ရေးလုပ်ငန်းတွေကိုအစိုးရက ထောက်ခံပံ့ပိုးနေတယ်ဆိုတာ ပြသဖို့ ရည်ရွယ်ထားတာဖြစ်ပြီး လာမယ့် ၂၀၂၆ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ မီရှီဂန်ကို အထူးအလေးထားလာတာလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.