ဒူဘိုင်း၊ ဇန်နဝါရီ ၁၄
အီရန် ပြည်သူတွေ ဆက်လက် ဆန္ဒပြကြဖို့နဲ့ သူတို့အပေါ် ဥပဒေချိုးဖောက်သူတွေရဲ့ အမည်နာမတွေကို မှတ်သားထားကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၁၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
နှစ်များစွာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေကို နှိမ်နှင်းမှုနဲ့ပတ်သက်လို့ အီရန်အစိုးရ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်ရဲ့ အကူအညီတွေ ရောက်လာတော့မယ်လို့ ထရန့်က ပြောထားပါတယ်။

ထရန့်က အီရန်မှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်အောင် တွန်းအားပေးနေပြီး အကြမ်းဖက်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်နေတယ်လို့ အီရန်က တုံ့ပြန်ပါတယ်။
ထရန့်က အီရန် အဖွဲ့အစည်းတွေကို ထိန်းချုပ်ကြဖို့ အီရန်နိုင်ငံသားတွေကို တိုက်တွန်းပြီး အကူအညီတွေ ရောက်လာတော့မယ်လို့ လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပေမယ့် ဘယ်လို အကူအညီပေးမှာလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ဆန္ဒပြသူတွေကို အဓိပ္ပါယ်မဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်တဲ့အချိန်အထိ အီရန် အရာရှိတွေနဲ့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်းလည်း ထရန့်က ပြောပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ လူသတ်သမားတွေ၊ သူတို့အပေါ် ဥပဒေချိုးဖောက်သူတွေရဲ့ နာမည်တွေကို မှတ်သားထားကြဖို့ ထရန့်က ပြောကြားပြီး ကျူးလွန်သူတွေအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
နိုင်ငံတဝှမ်း သီတင်းနှစ်ပတ်ကြာ မငြိမ်သက်မှုတွေအတွင်း ဆန္ဒပြသူ ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန် အရာရှိ တစ်ဦးက ပထမဆုံးအကြိမ်အနေနဲ့ ပြောပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂၀၀၃ ဦး ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူ ၁၆၇၈၄ ဦးရှိကြောင်းလည်း အဲဒီ လူ့အခွင့်အရေးအဖွဲ့က ပြောပြီး ဇန်နဝါရီ ၁၂ ရက်က ဖော်ပြတဲ့ အရေအတွက်ထက် သိသိသာသာ ပိုများလာတာ တွေ့ရပါတယ်။
အကူအညီတွေ လာနေပြီဆိုတဲ့ ပြောဆိုမှုက ဘယ်လို အဓိပ္ပါယ်လဲလို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ထရန့်က သူတို့ တွေးကြည့်ကြလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
ဆန္ဒပြသူတွေကို နှိမ်နှင်းမှုကြောင့် အီရန်ကို အပြစ်ပေးရေး စဉ်းစားနေတဲ့ နည်းလမ်းတွေထဲမှာ စစ်ရေးအရ အရေးယူမှုလည်း ပါဝင်တယ်လို့ ထရန့်က ပြောပါတယ်။
သတ်ဖြတ်မှုတွေ သိသိသာသာ မြင့်မားလာပေမယ့် မိမိတို့ အသေအချာ မသိသေးဘူးလို့လည်း ထရန့်က ပြောပါတယ်။
အီရန်ရှိ အမေရိကန်နိုင်ငံသားတွေအနေနဲ့ တူရကီ ဒါမှမဟုတ် အာမေးနီးယားကတဆင့် ကုန်းလမ်းက အပါအဝင် အီရန်က ချက်ချင်း ထွက်ခွာရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့အစ္စရေးက အီရန်မှာ မငြိမ်မသက် ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အီရန် အရာရှိတွေက မကြာသေးခင်က စွပ်စွဲထားပါတယ်။
အီရန်ရဲ့ ပြည်တွင်းရေးမှာ အမေရိကန်က ကြားဝင်ရှုပ်နေတယ်လို့ ရုရှားကလည်း စွပ်စွဲထားပြီး အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်ဆိုရင် အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာ လုံခြုံရေး အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
Ref:Reuters

