ဘန်ကောက် ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရက်ချက်စီမားပြည်နယ်မှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းလောက်က အမြန်ရထားလမ်း ဆောက်လုပ်ရေးလုပ်နေတဲ့ နေရာတစ်ခုမှာ ကရိန်းကြီး တစ်ခု ပြိုကျပြီး ခုတ်မောင်းလာနေတဲ့ ခရီးသည်တင်ရထားပေါ်ကို ပြုတ်ကျခဲ့ပါတယ်။

အဲဒီလို ပြုတ်ကျမှုကြောင့် ရထားလမ်းချော်ပြီး လူ ၂၈ ဦး သေဆုံးကာ ၆၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲက ၇ ယောက်က အခြေအနေစိုးရိမ်ရတဲ့အဆင့်မှာ ရှိနေတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗီဒီယို ရုပ်သံမြင်ကွင်းတွေကို ကြည့်ရင် ကရိန်းကြီးက ကွန်ကရစ်တိုင်တွေကြားမှာ ချိတ်နေပြီး အောက်မှာတော့ ရထားပျက်စီးထားတာတွေကနေ မီးခိုးတွေ ထွက်နေတာ တွေ့ရပါတယ်။

အပေါ်ကနေ တစ်ခုခု လျှောကျလာသလို အသံကြီးကြားရပြီး မကြာခင် ပေါက်ကွဲသံ နှစ်ချက် ကြားရကြောင်းအခင်းဖြစ်ရာအနီးရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရိန်းက ရထားကို ထိမိပြီး လမ်းချော်သွားတာကြောင့် အချိန်တိုအတွင်းမှာ မီးလောင်မှုလည်း ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လက်ရှိမှာတော့ မီးကို ထိန်းချုပ်နိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒီမတော်တဆမှု ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ဒေါ်လာ ၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အမြန်ရထား စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး တရုတ်အစိုးရက ထောက်ပံ့ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီရထားလမ်းက ဘန်ကောက်ကနေ လာအိုကို ဖြတ်ပြီး တရုတ်နိုင်ငံ ကွန်မင်းမြို့အထိ ချိတ်ဆက်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၈ ခုနှစ်မှာ ပြီးစီးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.