‎ဆိုးလ်၊ ဇန်နဝါရီ ၁၄

‎စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းခဲ့မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယော အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သူ့ကို သေဒဏ်ချမှတ်ရေး အစိုးရရှေ့နေတွေက တောင်းဆိုထားပါတယ်။

‎ဆိုးလ်မြို့ရှိ တရားရုံး တစ်ရုံးက သမ္မတဟောင်း ယွန် အမှုကို နောက်ဆုံး အချေအတင် ချေပလျှောက်လဲချက်တွေကို ကြားနာ စစ်ဆေးခဲ့ပြီး သူဟာ အစိုးရကို တော်လှန်ပုန်ကန်တဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။



‎၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တောင်ကိုရီးယားမှာ သမ္မတဟောင်း ယွန်က စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ရာက အခုလို အမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

‎သူ့ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာမှုဟာ နာရီ အနည်းငယ်လောက်ပဲ ကြာခဲ့ပေမယ့် နိုင်ငံတွင်း နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပွားခဲ့ပါတယ်။

‎နောက်ပိုင်းမှာ သူ့ကို လွှတ်တော်က စွပ်စွဲ ပြစ်တင်ပြီးနောက် ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။



‎သမ္မတဟောင်း ယွန်က သူ့အပေါ် စွဲတင်ထားတဲ့ စွဲချက်အားလုံးကို ပယ်ချထားပြီး အတိုက်အခံ ပါတီရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထု သတိပြုမိလာစေရေး စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

‎သမ္မတဟောင်းအပေါ် စွဲချက်တင်ထားတဲ့ တော်လှန်ပုန်ကန်မှု ဦးဆောင်သူဆိုတဲ့ အပြင်းထန်ဆုံး စွဲချက်မှာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

‎တောင်ကိုရီးယား ဥပဒေအရ အစိုးရ ရှေ့နေတွေ အနေနဲ့ ပြစ်ဒဏ် တစ်ခု ချမှတ်ပေးဖို့ ဒါမှမဟုတ် တခြား ပြစ်ဒဏ် ချမှတ်ပေးဖို့ တရားသူကြီးကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

‎တောင်ကိုရီးယားမှာ လူတစ်ယောက်ယောက်ကို သေဒဏ်ချမှတ်မှု မရှိတာ နှစ်ပေါင်း ၃၀ နီးပါး ကြာခဲ့ပြီ ဖြစ်ပါတယ်။

‎၁၉၉၆ ခုနှစ်က စစ်တပ် အာဏာသိမ်းမှုအတွင်း နိုင်ငံတော် အာဏာကို လုယူဖို့ ကြိုးပမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ချွန်ဒူးဟွန်ကို ၁၉၇၉ ခုနှစ် သေဒဏ်ချမှတ်ခဲ့ပါတယ်။

‎ဒါပေမဲ့ နောက်ပိုင်းမှာ သူ့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် အဖြစ် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။

‎ဇန်ဝါရီ ၁၃ ရက်က ဆိုးလ်မြို့ ဒေသဆိုင်ရာ တရားရုံးမှာ အစိုးရ ရှေ့နေတွေက သမ္မတဟောင်း ယွန်ဟာ အာဏာရှင် ဖြစ်လာဖို့ ရည်မှန်းပြီး နိုင်ငံကို ကာလကြာရှည် အုပ်ချုပ်ဖို့ ရည်ရွယ်ထားသလို အာဏာကို စွဲမက်ပြီး စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

‎သမ္မတဟောင်းရဲ့ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ တခြား စစ်ဖက်ဆိုင်ရာ အရာရှိတွေလည်း နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

‎ယွန်ကတော့ သမ္မတ တစ်ယောက် အနေနဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခွင့်ရှိတယ်လို့ တရားရုံး အပြီးသတ် ကြားနာ စစ်ဆေးပွဲမှာ ထွက်ဆိုခဲ့ပါတယ်။

‎သူ့ရဲ့ အမှုအတွက် ဖေဖော်ဝါရီမှာ ဆုံးဖြတ်ချက်ချမှတ်ဖို့ ရှိနေပေမယ့် တောင်ကိုရီးယား တရားရုံးတွေရဲ့ အစဉ်အလာအရ အစိုးရ ရှေ့နေတွေရဲ့ တောင်ဆိုချက်အတိုင်း ဆုံးဖြတ်လေ့ မရှိတာကို တွေ့ရပါတယ်။

‎အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်းဟာ ဧပြီလက ရာထူးက ဖယ်ရှား ထိန်းသိမ်းခံရပြီး တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ဆဲ ဖမ်းဆီးခံရတဲ့ ပထမဆုံး သမ္မတ အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

‎Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.