ဘားအံ၊ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒီကနေ့ထုတ် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။
အလင်းဝင်လာသူတွေဟာ ကရင်ပြည်နယ် ကျုံဒိုးမြို့က အမျိုးသား တစ်ဦး၊ ကော့ကရိတ်မြို့နယ် ကျွန်းကလေးနဲ့နို့ပေါ်ဟဲကျေးရွာတို့က အမျိုးသားလေးဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ PDF ရဲဘော် ၅ ဦးဟာ ပစ္စတိုသေနတ် တစ်လက်၊ M 16 သေနတ် တစ်လက်၊ ပွိုင့်(၃၀)ကာဘိုင် တစ်လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လက်လုပ်စနိုက်ပါ တစ်လက်နဲ့ လက်ပစ်ဗုံး ၈ လုံး ပါရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ PDF ရဲဘော် ၅ ဦးကို စုစုပေါင်း ချီးမြှင့်ငွေ ကျပ် ၁၅၄ သိန်း ပေးအပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အလင်းဝင်လာသူတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေမျိုးအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲအပ်နှံပေးအပ်ခဲ့တယ်လို့ ဝါဒဖြန့်ထားပါတယ်။
ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ စစ်ကော်မရှင်ထံ အလင်းဝင်တဲ့ PDF ရဲဘော်တွေ မရှိကြောင်းနဲ့ စစ်ကော်မရှင်တပ်သားတွေသာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်နေတယ်လို့ တုံ့ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅၀၀ ထက်မနည်း လက်နက်ချအလင်းဝင်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

