ဝါရှင်တန်၊ ဇန်နဝါရီ ၁၃
၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ၁၀ ရက်အတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတ ထရန့် လက်ထက် ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ အာဏာပိုင်တွေ ဖမ်းဆီးထားချိန်အတွင်း စံချိန်တင် သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် အခု သေဆုံးမှုစာရင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃ ရက်နဲ့ ၉ ရက်အတွင်း ဟွန်ဒူးရက်စ်က ရွှေ့ပြောင်းနေထိုင်သူ ၂ ဦး၊ ကျူးဘားက တစ်ဦးနဲ့ ကမ္ဘောဒီးယားက တစ်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန် ဥပဒေ စည်းကြပ်ရေးဌာန ICE က ပြောပါတယ်။
ထရန့်အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး ဖမ်းဆီး ထိန်းသိမ်းသူ အရေအတွက် ပိုများလာနေပါတယ်။
ဇန်နဝါရီ ၇ ရက်အထိ ICE က ဖမ်းဆီးထားသူ ၆၉၀၀၀ အထိရှိကြောင်း စာရင်းဇယားတွေက ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လွှတ်တော်က ICE ကို ရန်ပုံငွေတွေ တိုးပေးထားတာကြောင့် အမေရိကန်ကနေ နှင်ထုတ်တဲ့ ဒါမှမဟုတ် ဖမ်းဆီးတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ပိုများလာမယ်လို့ မျှော်လင့်ရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ICE က ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒါဟာ ဆယ်စုနှစ် နှစ်ခုအတွင်း အများဆုံး သေဆုံးမှု ဖြစ်ကြောင်း အဲဒီအေဂျင်စီရဲ့ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။
ထိန်းသိမ်းမှု စောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဆီတာရက် ဂန်ဒီဟာရီက ရွှေ့ပြောင်းနေထိုင်သူတွေ ဖမ်းဆီးခံရချိန် သေဆုံးမှု အမှန်တကယ် ပိုများလာနေတယ်လို့ ပြောကြားပြီး ထိန်းသိမ်းရေး စင်တာတွေ ပိတ်သိမ်းဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက် ပိုများလာနေချိန် ရာဇဝင်ဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ အတူ သေဆုံးမှု အရေအတွက် ဆက်လက် မြင့်တက်လာနေကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ထရီစီယာ မက်လောက်လင်က ပြောပါတယ်။
မိမိတို့အနေနဲ့ ထိမ်းသိမ်းထားသူတွေကို ဆေးဝါးစောင့်ရှောက်မှု အသေအချာ ပေးနေသလို အမေရိကန်ရှိ အကျဉ်းထောင်အများစုထက် သာလွန်တဲ့ စံတွေနဲ့ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားသူတွေ သေဆုံးမှုကို စုံစမ်း စစ်ဆေးနေကြောင်း ICE က ပြောကြားပြီး အရေးပေါ် ဆေးဝါး စောင့်ရှောက်မှုတွေ ပေးနေရင်းနဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထရန့် အစိုးရက ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားချင်းစာနာ ထောက်ထားတဲ့ အနေနဲ့ ပြန်လွှတ်ပေးမှုလည်း သိသိသာသာ လျော့ကျလာနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဖမ်းဆီးတာတွေအပြင် ပြီးခဲ့တဲ့ သီတင်းပတ်က မင်နီဆိုတာ ပြည်နယ်မှာ ကလေး ၃ ယောက် မိခင် တစ်ဦးကို ICE တပ်ဖွဲ့ဝင် တစ်ဦးက သေလောက်အောင် ပစ်ခတ်ခဲ့တာကြောင့် မင်နီယာပိုလိစ်နဲ့ အမေရိကန် တဝှမ်း တခြား မြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
Ref:BBC

