ဝါရှင်တန်၊ ဇန်ဝါရီ ၁၃
အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နှင်းမှုကြောင့် အီရန်ကို အရေးယူတဲ့အနေနဲ့ အီရန်နဲ့ စီးပွားရေး လုပ်တဲ့ နိုင်ငံတွေ အမေရိကန်နဲ့ ကုန်သွယ်ရင် အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ကြေညာလိုက်ပါတယ်။
အီရန်မှာ စစ်ရေးအရ အရေးယူရေးနဲ့ တခြား အရေးယူနိုင်မယ့် နည်လမ်းတွေနဲ့ပတ်သက်လို့ ထရန့်ကို အရာရှိတွေက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။

အီရန်ကို အရေးယူမယ့် နည်းလမ်းတွေထဲ အဝေးကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ၊ ဆိုက်ဘာ တိုက်ခိုက်မှုတွေအပြင် စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်မယ့် နည်းလမ်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန်က စစ်ရေးအရ ကြားဝင် ပါနိုင်တယ်လို့ ထရန့်က ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတထရန့်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အဖွဲ့ အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပေမယ့် စစ်ခင်းဖို့လည်း အဆင်သင့် ပြင်ထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၆၄၈ ဦး ရှိပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြားပြီး အမှန်တကယ် သေဆုံးသူ အရေအတွက် အဲဒီထက် ပိုများနိုင်တယ်လို့ ပြောထားပါတယ်။
အီရန်မှာ နိုင်ငံတကာသတင်းဌာနတွေ သတင်းယူဖို့ အခက်အခဲရှိပြီး အင်တာနက်လိုင်းလည်း ပိတ်ထားတာကြောင့် အတည်ပြုဖို့ ခက်ခဲနေကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
အီရန်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး ခက်ခဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး နိုင်ငံတဝှမ်း ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးပါစေလို့ အော်ဟစ်နေကြပြီး အစိုးရ အပြောင်းအလဲ ဖြစ်ဖို့ တောင်းဆိုနေကြပါတယ်။
ခါမေနီက ဆန္ဒပြသူတွေဟာ ထရန့် ကျေနပ်စေဖို့ ကြိုးပမ်းနေတဲ့ အဖျက်သမားတွေ ဖြစ်တယ်လို့ ပြောထား ပါတယ်။
ထရန့်ရဲ့ အခွန်ကောက်ခံမယ့် ကြေညာချက် ထွက်လာပြီးနောက် တရုတ်က သူတို့ရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရေး အစီအစဉ်တွေ ချမှတ် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။
Ref:BBC

