မော်လမြိုင် ၊ ဇန်နဝါရီ ၁၄
တအာင်းအမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ပြည်သူလူထုနဲ့အတူ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က သဘောထားထုတ်ပြန်ပါတယ်။
နိုင်ငံရေးပန်းတိုင်တွေထဲမှာ တအာင်းတမျိုးသားလုံး အဖိနှိပ်ဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။
လက်ရှိမှာ တအာင်းတပ် TNLA ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ စစ်ရေးအရ ပါဝင်နေမှုကို ၁၀၂၇ စစ်ဆင်ရေးမှာ အတူတကွ ပါဝင်ခဲ့ကြတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA လိုမျိုး တရုတ်အစိုးရရဲ့ ဖိအားကြောင့် တခန်းရပ်ထားခဲ့ရတာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်ရေးနဲ့ အကောင်အထည်ဖော်နေတဲ့ အဖွဲ့တွေက နိုင်ငံရေးနည်းကို ပြန်သွားတဲ့အခါ စစ်ရေးအရ အောင်မြင်မှု၊ မအောင်မြင်မှု အတိုးအဆုတ်က မိမိရဲ့ နိုင်ငံရေးလမ်းစဉ်ပေါ်ရောက်ရှိဖို့ ဘယ်လောက် သက်ရောက်မှု ရှိလဲဆိုတာ စဉ်းစားဖို့ လိုတယ်လို့ ထောက်ပြပါတယ်။
ထုတ်ပြန်ချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး တိုက်ပွဲပိုမိုပြင်းထန်လာတာကြောင့် မြောက်ပိုင်းဒေသအားလုံး တည်ငြိမ်စေရေး တရုတ်အစိုးရကနေ ကြားဝင်ပြီး ပစ်ခတ်တိုက် ခိုက်ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်းလာခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒါကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ တအာင်းတပ် TNLA တို့ တ ရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဟိုက်ဂင်ဟိုတယ်မှာ ပစ်ခတ်တိုက်ခိုက်ရေးစာချုပ်ကို လက် မှတ်ရေးထိုးနိုင်ခဲ့တာပါ။
အဲဒီပစ်ခတ်ရပ်စဲရေးစာချုပ်ကြောင့် ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ တအာင်းပြည်နယ်ဒေသအသီးသီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ပြည်သူတွေလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရခြင်းကနေ သက်သာခွင့် ရလာခဲ့တယ်လို့ ဖော်ပြပါတယ်။
မြန်မာပြည်တဝှမ်းလုံး ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာစေရေး ဆန္ဒပြုရင်း တအာင်းအမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ရောက်ရှိစေရေး ကြိုးပမ်သွားမယ်လို့ TNLA က အသိပေးတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က TNLA နဲ့ MNDAA တို့ဟာ စစ်တပ်ရဲ့ ပေါ်လာမယ့် လွှတ်တော်အခင်း အကျင်းကနေ နယ်မြေသတ်မှတ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် “ဝ”အဖွဲ့ UWSA ပုံစံမျိုးနီးပါး မှန်းထားကြတယ်လို့ သုံးသပ်ပါတယ်။
“ဖက်ဒရယ်စစ်စစ်ကိုရအောင် သူတို့ ယူသွားမှာပေါ့။ ပုံစံကတော့ UWSA ပုံစံမျိုး နီးပါးကို အားလုံးက မှန်းထားကြတယ်။ သူတို့ပြည်နယ်ပေါ့၊ တိုင်းရင်းသားတွေရဲ့ ပြည်နယ်မှာ သူတို့ တန်းတူအခွင့်အ ရေးနဲ့ တိုင်းရင်းသားတွေကပဲ လွတ်လွတ်လပ်လပ် စီမံမယ် အုပ်ချုပ်မယ်ပေါ့။ ပြီးရင် သံယံဇာတနဲ့ ကုန်သွယ်ခွင့်တွေလည်း သူတို့ အချိုးတူရရမယ်ဆိုတဲ့ ပုံစံမျိုးကိုသွားမယ်။ အဲဒီတော့ ဖက်ဒရယ်ပုံစံမျိုးကို သူတို့ မျှော်မှန်းတဲ့အနေအထားရှိတယ်။ အဲဒီတော့ လွှတ်တော်က စစ်တပ်က သူတို့နဲ့ (တအာင်း၊ ကိုးကန့်) သဘောတူညီချက် အကြမ်းရှိမှာပေါ့။ အဲဒီကနေမှ နယ်နိမိတ်သတ်မှတ်တဲ့ အခြေအနေကို အရင်စောင့်မယ့်အနေအထားပဲ”လို့ ဆိုပါတယ်။
စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲအလွန် ခေါ်ယူမယ့် လွှတ်တော်မှာ တအာင်းတပ်နဲ့ ကိုးကန့်တပ်တို့ မျှော်မှန်းတဲ့အတိုင်း ဆုံးဖြတ်ချက်မကျဘူးဆိုရင် စစ်ရေးနည်းနဲ့ ၁၀၂၇ တတိယလှိုင်းလိုမျိုး ဖြစ်လာနိုင်တဲ့ အနေအထားမျိုးလို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် လွှတ်တော်အခင်းအကျင်းမှာ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ ဘယ်လိုအနေအထားမျိုး ဖြစ်သွားနိုင်မလဲဆိုတာ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက စောင့်ကြည့်သွားမယ့် သဘောမျိုး ရှိနေတာပါ။
ဒီအပေါ် တိုင်းရင်းသားတွေဘက်က တောင်းဆိုချက်ကို စစ်တပ်က လိုက်လျောပေးနိုင်ရင်တော့ ကျန်တဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ဆင်ရေးနဲ့ အနိုင်တိုက်ပြီး လိုချင်တဲ့ အတိုင်းအတာကို တောင်းဆိုသွားမယ့် အနေအထားလို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။
ကိုမင်းသွေးသစ်ကတော့ စစ်တပ်ကို ဘယ်လောက်အထိ ယုံကြည်လို့ ရနိုင်မလဲဆိုတာ သမိုင်း ကြောင်းအရ သာဓကတွေ ရှိခဲ့တဲ့အတွက် TNLA အနေနဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားဖို့ဆိုရင် စစ်အာဏာရှင်စနစ် မရှိမှ ရမယ်လို့ အကြံပြုပါတယ်။
“TNLA ရဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားဖို့အတွက်ဆိုရင် စစ်ကောင်စီ (စစ်တပ်) မရှိမှပဲ ရမှာ။ဒါ TNLA တစ်ဖွဲ့ထဲ မဟုတ်ပါဘူး။မြန်မာပြည်မှာရှိနေတဲ့ ဗမာတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်း သားမျိုးနွယ်အသီးသီးရဲ့ လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်တွေရဖို့ဆိုတာ စစ်အာဏာရှင်စနစ် မရှိမှရမယ်။ဒါကြောင့်မို့ တချိန်တည်း တပြိုင်တည်း အတူတူ တိုက်ပွဲဝင်တာသည်သာလျှင် ကျွန်တော်တို့ နိုင်ငံရေးပန်းတိုင်ကို အဆုံးသတ် အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ အကြံပေးချင်ပါတယ်”လို့ ဆိုပါတယ်။
တအာင်းတပ် TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့အတူ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ မြို့တချို့ကို စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။
အဲဒီထဲမှာ ရှမ်းမြောက်က နောင်ချို ၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို စစ်ရေးအရ လက်လွှတ်ခဲ့ရပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုတော့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရတာပါ။ ဒါကြောင့် လက်ရှိမှာ တအာင်းတပ် TNLA အနေနဲ့ ရှမ်းမြောက်က ၇ မြို့သာ ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ကတော့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုးကုတ်နဲ့ မိုးမိတ်ကို အစွမ်းကုန် ကာကွယ်မယ်လို့ အသိပေးထားကြတာပါ။
ဒီအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ အဲဒီဒေသတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA

