လောင်းလုံး၊ ဇန်နဝါရီ ၁၄
တနင်္သာရီ လောင်းလုံးမြို့ပေါ် လူဝင်မှုကြီးကြပ်ဌာန လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက် မနက် ၆ နာရီအချိန်လောက်က လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုပါတယ်။
လောင်းလုံးတိုက်ပွဲကြောင့် ဒေသခံတွေဟာ နေအိမ်တွေမှာပဲ ပုန်းခိုနေထိုင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ ရွေးကောက်ပွဲ မတိုင်မီကတည်းက စစ်ကော်မရှင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး တင်းမာနေပြီး တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

