ဘန်ကောက်၊ ဇန်နဝါရီ ၁၃

အိန္ဒိယရဲ့ ဂြိုဟ်တု လွှတ်တင်ရေး ဒုံးပျံယာဉ်ကြောင့် ထိုင်းနိုင်ငံထုတ် THEOS-2A ဂြိုဟ်တုဟာ သတ်မှတ်ထားတဲ့ ဂြိုဟ်ပတ်လမ်းသို့ မရောက်ရှိနိုင်ဘဲ ကမ္ဘာမြေသို့ ပြန်ပြုတ်ကျလာတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြန်လည် တည်ဆောက်ပြီး တစ်ခါ ပြန်လွှတ်တင်လို့ရကြောင်း ပထဝီ သတင်းအချက်အလက်နဲ့ အာကာသ နည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီ Gistda က ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။

အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း ISRO က ပထမဆုံး ထိုင်းနိုင်ငံထုတ် ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ Polar Satellite Launch Vehicle (PSLV) C62 ဒုံးပျံယာဉ်ရဲ့ တတိယ အဆင့်မှာ ဇန်နဝါရီ ၁၂ ရက်က ချွတ်ယွင်းချက်တွေ့ရကြောင်း အတည်ပြုထားပါတယ်။

နောက်ဆုံးအဆင့်မှာ ချွတ်ယွင်းမှု ဖြစ်တာကြောင့် အမြင့်ပေ ထိန်းချုပ်မှု အပိုင်း ပုံမှန်မဟုတ်ဘဲ လွှတ်တင်မှု မအောင်မြင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တင်လိုက်တဲ့ လမ်းကြောင်း ပြောင်းလဲသွားပြီး THEOS-2A နဲ့ တခြား ဂြိုဟ်တု ၁၅ လုံးဟာ ရည်ရွယ်ထားတဲ့ ဂြိုလ်ပတ်လမ်းနေရာဆီ မရောက်ရှိနိုင် ဖြစ်ခဲ့ကြောင်း Gistda က အတည်ပြုထား ပါတယ်။

အဲဒီ ဒုံးပျံယာဉ်နဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာလေထုထဲကို ပြန်လည် ကျဆင်းလာမှာ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ဖက်ပိုင်းမှာ လောင်ကျွမ်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။

ဒါက လူတွေနေတဲ့ အရပ်ဒေသတွေနဲ့ အဝေးကြီး ဖြစ်ပြီး မြေပြင်ရှိ လူတွေနဲ့ အဆောက်အဦတွေ အတွက် အန္တရာယ် မရှိကြောင်း လေ့လာ တွေ့ရှိထားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

အဲဒီ ဂြိုလ်တု လွှတ်တင်ရာမှာ ပြန်လည် တည်ဆောက်ရေး ထပ်မံ လွှတ်တင်ရေး အာမခံချက် ပါဝင်တယ်လို့ Gistda က အတည်ပြုထားပါတယ်။

PSLV ဒုံးပျံယာဉ်ကို အမြင့်ပေ ကီလိုမီတာ ၅၀၀ သို့ လွှတ်တင်ဖို့ တည်ထွင်ထားတာ ဖြစ်ပြီး THEOS-2A ဂြိုဟ်တု လွှတ်တင်မယ့် နေရာနဲ့ ချိန်သားကိုက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဒုံးပျံယာဉ်နဲ့ ဂြိုဟ်တု လွှတ်တင်မှု ၆၃ ကြိမ်ရှိပြီး အကြိမ် ၆၀ အောင်မြင်ခဲ့တာကြောင့် ၉၅ ဒသမ ၂၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလွှတ်တင်မှု မအောင်မြင်ပေမယ့် အခု စီမံကိန်းဟာ ဂြိုဟ်တု တီထွင်မှုအတွက် ထိုင်းရဲ့ လူသား ရင်းမြစ် စွမ်းပကား တည်ဆောက်ရာမှာ တိုးတက်မှုရှိကြောင်း ဖော်ပြနေတာ ဖြစ်တယ်လို့ Gistda က ပြောကြားထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.