မော်လမြိုင်၊ ဒီဇင်ဘာ ၁၈

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာပေးပို့လာပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်တွေထဲက တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

SRA တပ်ပေါင်းစု ဖွဲ့စည်းမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဘုံရည်မှန်းချက် ဘုံလမ်းစဉ်တွေကို အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှု တည်ဆောက်တာဟာ တော်လှန်ရေး အောင်ပွဲ လမ်းစဖြစ်ကြောင်း NUCC က ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် NUCC အနေနနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် SRA တပ်ပေါင်းစုအပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

SRA တပ်ပေါင်းစုထဲမှာ တိုင်းရင်းသားလူမျိုးစုအမည်ခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ချင်းညီနောင် CB၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် DPLF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) တို့ ပါဝင်နေကြတာပါ။

ဒါ့အပြင် ဗမာလူမျိုးစုအမည်ခံ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ ဗမာ့တပ်တော် BA နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တို့လည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက KIA ၊ AA ၊ TNLA တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PIA ၊ Generation Z Army GZA နဲ့ အမျိုးသားလတ်မြောက်ရေးတပ်တော် NLA တို့လည်း ပါဝင်ပါတယ်။

အညာဒေသထဲက မကွေးပြည်သူ့ကာကွယ်ရေးမတော် Magway PDF၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် Sagging PDF ၊ ကလေးဒေသတော်လှန်ရေးတပ် KRF ၊ ယောတပ်တော် YA ၊ ယောကာကွယ်ရေးတပ် YDF ၊ 96 Soldiers PDF ၊ Force for Federal Democracy FFD နဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF လည်း တပ်ပေါင်းစုမှာ ပါဝင်နေတာပါ။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဟာ အချိုးကျကိုယ်စားလှယ်တွေပါတဲ့ ကော်မတီတစ်ရပ်ကနေ စစ်ဆင်ရေးတွေကို ဦးစီးကွပ်ကဲသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.