ကာရာကတ်စ်၊ ဒီဇင်ဘာ ၁၈

ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ ရန်စမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးပေးဖို့ သမ္မတ နီကိုလာ့စ် မာဒူရို အစိုးရက အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ကောင်စီထံ ဒီဇင်ဘာ ၁၇ ရက်မှာ စာရေးသားတောင်းဆိုထားပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ သံတမန် တစ်ဦးက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မာဒူရိုအစိုးရရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်ကို ပစ်မှတ်ထားပြီး ဖိအား ပိုပေးတဲ့ နောက်ဆုံး လုပ်ရပ်အနေနဲ့ အရေးယူ ဒဏ်ခတ်မှု စာရင်းဝင် ရေနံတင်သင်္ဘောများ အားလုံးကို ဗင်နီဇွဲလားသို့ အဝင်၊အထွက် ပိတ်ပင်ဖို့ ဒီဇင်ဘာ ၁၆ ရက်က ညွှန်ကြားခဲ့တာပါ။

ထရန့်ရဲ့ ညွှန်ကြားချက်ကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ် အရေးယူထားတဲ့ ကာရေဘီယံပင်လယ်ရှိ ရေနံတင်သင်္ဘော ၃၀ ကျော် ဗင်နီဇွဲလား ဆိပ်ကမ်းတွေမှာ ဝင်ထွက်ခွင့် တားမြစ်ခံရနိုင်တယ်လို့ သင်္ဘောလမ်းကြောင်း စောင့်ကြည့်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဗင်နီဇွဲလား ရေနံတင်သင်္ဘော တစ်စီးကို အမေရိကန်က ဖမ်းဆီးခဲ့ပြီး ဗင်နီဇွဲလားရဲ့ ပြည်ပသို့ ရေနံ တင်ပို့အားလုံးနီးနီးကို ရပ်တန့်သွားအောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။

အဝင်အထွက် ရာနှုန်းပြည့် ပိတ်ဆို့မှုဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ပေမယ့် အမေရိကန်က အရေးယူပိတ်ဆို့ထားတဲ့ ရေနံတင်သင်္ဘောတွေကိုပဲ ဗင်နီဇွဲလားသို့ အဝင်၊အထွက် ပိတ်ဆို့သွားမှာ ဖြစ်တာကြောင့် ရာနှုန်းပြည့် ပိတ်ဆို့တားမြစ်ရာ မရောက်ဘူးလို့ ထရန့်က ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ ရေနံတွေ၊ မြေတွေနဲ့ တခြား ပိုင်ဆိုင်မှုတွေကို ဗင်နီဇွဲလားက ခိုးယူနေတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုမှုက သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဖော်ပြနေတာ ဖြစ်တယ်လို့ မာဒူရိုက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ထရန့်ရဲ့ ပြောဆိုမှုတွေက အမေရိကန်ဟာ ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲ ဖြစ်အောင် ကြိုးပမ်းနေတာ ဖြစ်ပြီး ဗင်နီဇွဲလားရဲ့ နယ်နမိတ်တွေနဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ခွင့်ရရှိဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ မာဒူရိုက စွပ်စွဲထားပါတယ်။

အရင်က ဗင်နီဇွဲလားနိုင်ငံအနီး အမေရိကန်ရဲ့ရေတပ် အင်အားတိုးမြှင့်ချထားမှုဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်ရေး ရည်ရွယ်တာ ဖြစ်တယ်လို့ ထရန့်က ပြောကြားခဲ့ ပါတယ်။

အမေရိကန်က ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲ ဖြစ်စေဖို့ ရုပ်သေးရုပ် အစိုးရ တစ်ရပ် တင်မြှောက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူက စွပ်စွဲထားပါတယ်။

ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ကိုလိုနီအဖြစ်နဲ့ ထားရှိပြီး အချုပ်အခြာအာဏာနဲ့ ပိုင်ဆိုင်မှု အားလုံးကို လွှဲအပ်မယ့် ရုပ်သေးရုပ် အစိုးရတက်လာရင်လည်း ၄၇ နာရီတောင် ခံမှာ မဟုတ်ဘူးလို့လည်း မာဒူရိုက ပြောပါတယ်။

ဒီလို အခြေအနေမျိုး မိမိတို့အနေနဲ့ လုံးဝ ဖြစ်လာခွင့် ပေးမှာ မဟုတ်ကြောင်းလည်း သူက ဆက်လက် ပြောပါတယ်။

ဗင်နီဇွဲလားဟာ စွမ်းအင်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တရားမဝင် ရယူထားပြီး အမေရိကန် အနေနဲ့ အဲဒီ အခွင့်အရေးတွေကို ပြန်လိုချင်တယ်လို့ ထရန့်က သတင်းထောက်တွေကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဗင်နီဇွဲလားဟာ သူတို့ရဲ့ ရေနံလုပ်ငန်းကဏ္ဍကို ၁၉၇၀ ပြည့်နှစ်တွေက နိုင်ငံပိုင်အဖြစ် ပြောင်းလဲပစ်ခဲ့တာ ကို ရည်ညွှန်းပြီး ထရန့်က ပြောဆိုပုံရပါတယ်။

ဒီမတိုင်ခင်က ဗင်နီဇွဲလား ရေနံ လုပ်ကွက်တွေ အများကြီးမှာ အမေရိကန် ကုမ္ပဏီတွေ ဝင်ရောက် လုပ်ကိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ သွင်းနေတဲ့ နိုင်ငံတွေကို မကြာခင် တိုက်ခိုက်မှာ ဖြစ်ကြောင်း ထရန့်က ဗင်နီဇွဲလားကို အကြိမ်ကြိမ် သတိပေးထားပြီး အိမ်နီးချင်း ကိုလမ်ဘီယာနိုင်ငံလည်း ပါဝင် နိုင်တယ်လို့ ပြောထားပါတယ်။

Ref:Reuters/CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.