တနင်္သာရီ၊ ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကော်မရှင်ရဲ့ ဒုတပ်ကြပ်တစ်ဦး အပါအဝင် တပ်သားသုံးဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အောက်ကင်းကျေးရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်ကော်မရှင်တပ်သားသုံးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာန ရှေ့တန်းကွပ်ကဲရေးအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့သူတွေဟာ ဒုတပ်ကြပ် သန်းဝင်း၊ တပ်သားမောင်မောင်ဌေးနဲ့ တပ်သားကျော်ဇေယျတို့ဖြစ်ပြီး MA 4 သေနတ်တစ်လက်၊ MA3 သေနတ် နှစ်လက်၊ ၄၀ မမ ကျည် ၂၅ လုံး၊ ကျည်တောင့် ၃၄၄ တောင့်နဲ့ ကျည်ဘောင် ၁၁ ခုနဲ့ အလင်းဝင်ခဲ့တာပါ။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးကို တနင်္သာရီတိုင်းစစ်ဌာန တာဝန်ရှိသူတွေက ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ လက်အောက်ခံ တပ်သားတွေအနေနဲ့ တနင်္သာရီတိုင်းစစ်ဌာနလက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံ အလင်းဝင်ရောက်လာသူ ရာချီရှိလာပြီး ဖြစ်သလို ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကိုလည်း နွေးထွေးကြိုဆိုလက်ခံနေတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝေ့တာဝါတိုင် စခန်းကုန်းက စစ်မှုထမ်း စုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သားနှစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.