ဝါရှင်တန်၊ ဒီဇင်ဘာ ၂
မကြာသေးခင်က နှစ်ဦးသား ဖုန်းနဲ့ဆက်သွယ်မှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုလာ့စ် မာဒူရိုကို ချက်ချင်း အာဏာစွန့်လွှတ်ဖို့ ရာဇသံပေးခဲ့ပေမယ့် မာဒူရိုက ငြင်းဆိုပြီး သူကိုယ်တိုင်နဲ့ မဟာမိတ်တွေကို တစ်ကမ္ဘာလုံးက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Guardian သတင်းဌာနက ဖော်ပြထား ပါတယ်။
ဖုန်းနဲ့ ဆက်သွယ်မှု ရှိခဲ့ကြောင်း ထရန့်က နိုဝင်ဘာ ၃၀ ရက်မှာ အတည်ပြုပြီး ဖုန်းပြောဆိုမှု အဆင်ပြေခဲ့တယ် ဒါမှမဟုတ် ဆိုးဆိုးရွားရွား ပြီးဆုံးခဲ့တယ်လို့ မိမိအနေနဲ့ မပြောလိုဘဲ ဖုန်းခေါ်ဆိုမှု တစ်ခုပဲ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဆက်သွယ်မှုအတွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကို အမေရိကန်ကရော ဗင်နီဇွဲလားကပါ ထုတ်ဖော်ပြောဆိုထားတာ မရှိဘဲ နိုဝင်ဘာ ၂၁ ရက်က ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ဗင်နီဇွဲလား မြောက်ဖက်ကမ်းလွန်မှာ ရေတပ် အင်အားအများအပြား ချထားမှုနဲ့အတူ အမေရိကန်က လေးလ ဖိအားပေးရေး အစီအစဉ် ပြုလုပ်နေချိန် ထရန့်က မာဒူရိုကို အာဏာချက်ချင်း စွန့်ဖို့ ရာဇသံပေးခဲ့ကြောင်း သတင်းရင်းမြစ်တွေက Miami Herald သတင်းဌာနကို ပြောပါတယ်။
ခင်ဗျားကိုယ်တိုင်နဲ့ ခင်ဗျားနဲ့ ရင်းနှီးသူတွေကို ကယ်တင်လို့ရပေမယ့် ခင်ဗျား အခုချက်ချင်း နိုင်ငံထဲက ထွက်သွားရမယ်လို့ ထရန့်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မာဒူရို ချက်ချင်း နုတ်ထွက်ဖို့ သဘောတူမယ်ဆိုရင် သူနဲ့သူ့ဇနီး၊ သူ့သားတို့အတွက် ဘေးကင်းတဲ့ လမ်းကြောင်း တစ်ခုကို ထရန့်က ကမ်းလှမ်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ ဗင်နီဇွဲလားသမ္မတက ရာထူးက ချက်ချင်း ဆင်းပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ဆိုပြီး တစ်ကမ္ဘာလုံးက သူ့ကို တရားမစွဲဘဲ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မာဒူရိုက နိုင်ငံရေးအရ ထိန်းချုပ်မှုကို စွန့်လွှတ်မှာ ဖြစ်ပေမယ့် စစ်တပ်ကိုတော့ ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗင်နီဇွဲလား လေပိုင်နက်ကို လုံးဝ ပိတ်ထားဖို့ ထရန့်က ကြေညာခဲ့ပြီးနောက် မာဒူရိုက နောက်ထပ်တစ်ကြိမ် ဆက်သွယ်ဆွေးနွေးရေး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က တောင်းဆိုခဲ့ပေမယ့် နှစ်ဦးသားကြား နောက်ထပ် တိုက်ရိုက် ဆက်သွယ်ဆွေးနွေးမှု မရှိသေးဘူးလို့ သိရပါတယ်။
ပထမအကြိမ် ဆက်သွယ်ဆွေးနွေးမှုကို ဘရာဇီး၊ ကာတာနဲ့ တူရကီတို့က ကြားဝင်စေ့စပ် ပေးခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ် ဆက်သွယ် ဆွေးနွေးဖို့ ဗင်နီဇွဲလားရဲ့ တောင်းဆိုမှုကို အမေရိကန်က တုံ့ပြန်မှု မရှိဘူးလို့ Miami Herald သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁ ရက်မှာ မာဒူရိုက ဗင်နီဇွဲလားအနေနဲ့ ကျေးကျွန်တစ်ယောက်ရဲ့ ငြိမ်းချမ်းရေးမျိုး မလိုလားဘူးလို့ ထောက်ခံသူ ထောင်ပေါင်းများစွာကို ပြောဆိုခဲ့တာပါ။
ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာပိုင်၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှု ရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျေးကွန်း တစ်ယောက်ရဲ့ ငြိမ်းချမ်းရေးမျိုး ဒါမှမဟုတ် ကိုလိုနီပြုခံရတဲ့ ငြိမ်းချမ်းရေးမျိုး မလိုချင်ပါဘူးလို့ မာဒူရိုက ကာရာကတ်စ်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူထု စုဝေးပွဲမှာ ပြောပါတယ်။
ဒါပေမဲ့ မာဒူရိုနဲ့ သူ့ရဲ့ နောက်လိုက်နောက်ပါ အများစုက အမေရိကန်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ခြောက်လှန့်မှုလို့ပဲ ရှုမြင်ကြကြောင်း ဗင်နီဇွဲလား အရာရှိတွေနဲ့ ပုံမှန် အဆက်အသွယ်ရှိတဲ့ လေ့လာသူ တစ်ဦးက ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ရွေးကောက်ပွဲ နောက်ပိုင်း ဗင်နီဇွဲလား ခေါင်းဆောင် မာဒူရိုဟာ ပြဿနာတွေ တန်းစီပြီး ကြုံတွေ့ခဲ့ရပေမယ့် ရှင်သန်နိုင်ခဲ့ပါတယ်။ ထရန့်ရဲ့ ပထမ ရာထူးသက်တမ်းအတွင်း အမြင့်မားဆုံး ဖိအားပေးမှု၊ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ၊ သမိုင်းဝင် စီးပွားရေး ချွတ်ခြုံကျမှု၊ ၂၀၁၈ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု၊ ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပုံရတဲ့ အခြေအနေတွေ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ကြိုးပမ်းမှုအနေနဲ့ မာဒူရိုအစိုးရနဲ့ ဗင်နီဇွဲလားအတိုက်အခံကြား ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးမှုတွေကို လက်ခံ ကျင်းပပေးဖို့ ကိုလမ်ဘီယာ သမ္မတ ဂတ်စတာဗို ပက်ထရိုက ကမ်းလှမ်းထားပါတယ်။
Ref:The Guardian

