မော်စကို၊ ဒီဇင်ဘာ ၂

ယူကရိန်းအရှေ့ပိုင်းရှိ အဓိက စစ်ဖက်ဆိုင်ရာ ပို့ဆောင်ရေး စုရပ်မြို့ ပိုကရို့ခ်နဲ့ အရှေ့မြောက်ပိုင်းရှိ ဗော့ချန့်မြို့တို့ကို မိမိတို့တပ်တွေ သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။

ကရင်မလင်နန်းတော်က တယ်လီဂရမ်ပေါ်မှာ ကြေညာထားတဲ့ အဲဒီ မြို့တွေ သိမ်းပိုက်ရရှိမှုက စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ဦးဆောင်တဲ့ ညှိနှိုင်းမှုအတွင်း ယူကရိန်းက ဝါရှင်တန်ကို သူတို့ဖက် ပါအောင်ကြိုးပမ်းနေချိန်မှာ သူတို့အပေါ် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

ဒွန်နက်စ်ဒေသရှိ ရထားလမ်းနဲ့ကားလမ်း စုရပ်မြို့ တစ်မြို့ ဖြစ်တဲ့ ပိုကရို့ခ်မြို့မှာ စစ်ပွဲ မတိုင်ခင်က လူဦးရေး ၆၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး မကြာသေးခင်လတွေမှာ ရုရှား ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

ရုရှား တိုက်ခိုက်မှုတွေကို ခုခံ တွန်းလှန်ရေး ကြိုးပမ်းတဲ့အနေနဲ့ ယူကရိန်းက အဲဒီမြို့ဆီအထူးတပ်ဖွဲ့တွေ အပါအဝင် ပြီးခဲ့တဲ့လက အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားစစ်သား ရာပေါင်းများစွာဟာ အဲဒီ မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

ဗော့ချန်မြို့နဲ့ ပိုကရို့ခ်မြို့တို့ကို သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ်က သမ္မတ ပူတင်ကို နိုဝင်ဘာ ၃၀ ရက်က အကြောင်းကြားခဲ့တယ်လို့ ကရင်မလင် နန်းတော် တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

ပိုကရို့ခ်မြို့ရှိ အဓိကရင်ပြင်မှာ ရုရှား စစ်သားတွေက သူတို့ရဲ့ အလံကို စိုက်ထူနေပုံပေါ်တဲ့ ဗီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

တကယ်လို့ အဲဒီမြို့ကို သိမ်းပိုက်နိုင်ကြောင်း အတည်ပြုနိုင်တယ်ဆိုရင် ယူကရိန်းရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ အနှောင့်အယှက် ရှိလာမှာ ဖြစ်ပြီး ရုရှားအနေနဲ့ အနောက်ဖက်နဲ့ မြောက်ဖက်သို့ နောက်ထပ် ထိုးဖောက်ဖို့ ပိုလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

အဲဒီ မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ သီတင်းပတ်များစွာကြာပြီ ဖြစ်ပြီး သိမ်းပိုက်ရရှိကြောင်း ပြောဆိုမှုက လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မော်စကိုက ဖိအားပေးဖို့ ရည်ရွယ်ပုံရပါတယ်။

သူတို့အနေနဲ့ မြေပြင်မှာ စစ်ရေးအရ အသာစီးရနေတာကြောင့် ဆွေးနွေးမှုတွေအတွင်း ညှိနှိုင်းစရာ မလိုကြောင်း အချက်ပြလိုတဲ့ သဘောဖြစ်တယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီမှုကို အမေရိကန် ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်နဲ့ မော်စကိုမှာ ဆွေးနွေးမယ့် နေ့မတိုင်ခင် ညမှာ ပူတင်က အဲဒီ မြို့နှစ်မြို့ သိမ်းပိုက်ရရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပူတင်ရဲ့ ပြောဆိုမှုကို ယူကရိန်းစစ်တပ်က ငြင်းဆိုထားပြီး မြေပြင်စစ်သားတွေကလည်း အဲဒီ ပြောဆိုမှု မှားယွင်းကြောင်း ABC သတင်းဌာနကို ပြောထားပါတယ်။

ယူကရိန်းမြို့တွေကို သိမ်းပိုက်ရရှိကြောင်း ပူတင်နဲ့ ရုရှား စစ်ဖက်က အမြဲဆိုသလို အချိန်မတိုင်ခင် ပြောဆိုလေ့ရှိပါတယ်။

အဲဒီ မြို့တွေမှာ ရုရှားထိုးစစ်ကို ယူကရိန်းတပ်တွေ ဆက်လက် ခုခံနေဆဲ ဖြစ်ကြောင်း ယူကရိန်း လေကြောင်းတပ်ရဲ့ အမှတ် ၇ လျှပ်တပြက် တုံ့ပြန်ရေး တပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်း ခုခံကာကွယ်ရေးအတွက် အရေးကြီးတဲ့ အမာခံနယ်မြေ ပိုကရို့ခ်မြို့ကို ရုရှားက သိမ်းပိုက်ရရှိဖို့ ကြိုးပမ်းနေတာ တစ်နှစ်ခွဲကြာပြီး ဖြစ်ပြီး ကြီးမားတဲ့ ပေးဆပ်ရမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လကလည်း အဲဒီ မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်လုနီးနီး ဖြစ်ခဲ့ပေမယ့် ယူကရိန်းရဲ့ ခုခံမှုကြောင့် အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ယူကရိန်းတပ်တွေကပဲ ဆက်လက် ထိန်းချုပ်ထားတယ်လို့ အမှီအခိုကင်းတဲ့ စစ်ရေးလေ့လာသူတွေက ပြောထားပါတယ်။

ဗော့ချန့်မြို့ဟာ ရုရှားနယ်စပ် အနီးမှာ ရှိတဲ့ ယူကရိန်းမြို့ ဖြစ်ပြီး သိမ်းပိုက်ရရှိဖို့ ရုရှားတပ်တွေ ကြိုးပမ်းနေတာ လများစွာကြာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ ယူကရိန်း ထိန်းချုပ်မှု အောက်မှာ ရှိနေဆဲပဲလို့ လေ့လာသူတွေက ပြောပါတယ်။

Ref:Reuters/ABC/Moscowtimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.