ယီလန်၊ ဒီဇင်ဘာ ၂

နိုင်ငံ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် ညှိနှိုင်းစရာ မရှိဘူးလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ဒီဇင်ဘာ ၂ ရက်က စစ်တပ်ရဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ပြောကြားလိုက်ပါတယ်။

လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဟာ အတွေးအခေါ်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ဘာမှမဆိုင်တဲ့ အဓိက အခြေခံ တန်ဖိုးထားမှုတွေ ဖြစ်တယ်လို့လည်း ထိုင်ဝမ်သမ္မတက ပြောပါတယ်။

ထပ်တိုး ကာကွယ်ရေး ဘက်ဂျက် ကန်ဒေါ်လာ ၄၀ ဘီလီယံ သုံးစွဲသွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က လိုင်ချင်းတီရဲ့ ကြေညာချက်ဟာ တရုတ်ရဲ့ ပိုဆိုးလာတဲ့ စစ်ရေး ခြိမ်းခြောက်မှု အန္တရာယ်ကနေ ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ ပိုင်ဆိုင်တဲ့ ဒေသ တစ်ခုလို့ မှတ်ယူထားပြီး သူတို့ရဲ့ အုပ်ချုပ်မှုအောက် ထားရှိရေး အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောထားပါတယ်။

အရှေ့မြောက်ပိုင်း ယီလန်ဒေသမှာ ထိုင်ဝမ်စစ်တပ်ရဲ့ အရန် တပ်ဖွဲ့ဝင်တွေကို ပြောကြားရာမှာ လိုင်ချင်းတီက တရုတ်ရဲ့ အကြပ်ကိုင်မှု၊ စော်ကားမှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မိမိတို့ အစိုးရအနေနဲ့ ကာကွယ်ရေးအတွက် ငွေပိုသုံးစွဲသွားမှာ ဖြစ်ပြီး ကျော်ဖြတ်ရမယ့် အဆိုးရွားဆုံး အခြေအနေအတွက် ပိုကောင်းအောင် ကြိုတင်ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းမှု ရရှိရေး ထိုင်ဝမ်အနေနဲ့ အင်အားကို အမှီပြုရမယ်လို့လည်း လိုင်ချင်းတီက ပြောပါတယ်။

ငြိမ်းချမ်းရေး ဆိုတာက ငြိမ်းချမ်းရေး သဘောတူညီမှုလို့ခေါ်တဲ့ စာရွက်တစ်ရွက်ကနေတဆင့် မရနိုင်ပါဘူး။ ရန်စသူရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပြီးတော့လည်း မရယူနိုင်ပါဘူးလို့ သူက ဖြည့်စွက် ပြောပါတယ်။

လုံလောက်တဲ့ အင်အားနဲ့ ထောက်ပံ့ ကူညီမှု မရှိဘဲ ပြန်လည် ရင်ကြားစေ့တာက အဆုံးစွန် အနေနဲ့ အညံ့ခံတာပဲ ဖြစ်လိမ့်မယ်လို့ လိုင်ချင်းတီက ပြောပါတယ်။

ထိုင်ဝမ်မှာ အရင်က စစ်မှုထမ်း ကာလကို လေးလပဲ သတ်မှတ်ထားခဲ့ပေမယ့် မကြာသေးခင်က တစ်နှစ်သို့ တိုမြှင့် သတ်မှတ်ခဲ့ပြီး အရန်စစ်သားတွေအတွက် လေ့ကျင့်ရေး အစီအစဉ်တွေမှာ တိုက်ခိုက်ရေး၊ ပစ်ခတ်ရေး အစီအစဉ်တွေကိုလည်း ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။

ထိုင်ဝမ်က ပြည်တွင်း လက်နက်ထုတ်လုပ်မှု အားပိုကောင်းအောင် လုပ်ဆောင်ထားပေမယ့် တိုက်လေယာဉ်တွေလို အဆင့်မြင့် လက်နက်မျိုးတွေအတွက် တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့ အမေရိကန်ကို အားကိုးနေရဆဲ ဖြစ်ပါတယ်။

ထိုင်ဝမ် စစ်တပ် လေ့ကျင့်သင်ကြားမှုတွေမှာလည်း အမေရိကန်က ကူညီပေးနေပါတယ်။

တရုတ်က ထိုင်ဝမ်အပေါ် အချုပ်အခြာ အာဏာ ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုကို လိုင်ချင်းတီက ပယ်ချထားပြီး မိမိတို့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.