ဝါရှင်တန်၊ ဒီဇင်ဘာ ၂

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ နှလုံး ကျန်းမာရေး အထူးကောင်းမွန်ကြောင်း မကြာသေးခင်က မကြေညာဘဲ သွားရောက်ခဲ့တဲ့ ဆေးရုံ ခရီးစဉ် အတွင်း စစ်ဆေးခဲ့တဲ့ သူ့ရဲ့ MRI စစ်ဆေးချက် ရလဒ်ကို ကိုးကားပြီး သူ့ရဲ့ ဆရာဝန်က ဒီဇင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။

အဲဒီလို ဆေးရုံတစ်ခုဆီ ကြိုတင် မကြေညာဘဲ သွားရောက်ခဲ့တာကြောင့် ထရန့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုမှု အသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဇွန်လက အသက် ၈၀ ပြည့်ခဲ့တဲ့ ရီပက်ဘလေကန် ဘီလျံနာ သူဌေးကြီး ထရန့်ဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အကန့်အသတ်နဲ့ပဲ ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ကြာပြီ ဖြစ်ပါတယ်။

နှစ်စဉ် ကျန်းမာရေး ပုံမှန် စစ်ဆေးဖို့ မဟုတ်ဘဲ အောက်တိုဘာ ၁၀ ရက်က ဝေါ်လ်တာ ရိဒ် ကျန်းမာရေး စင်တာသို့ ထရန့် ရုတ်တရက် သွားရောက်ခဲ့တာကြောင့် ဘာကို စစ်ဆေးမှုခံယူဖို့ သွားခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဆရာဝန် ရှောင် ဘာဘာဘယ်လာက တင်ကြို စစ်ဆေးမှုဟာ ကြိုတင် ကာကွယ်ဖို့ သက်သက်၊ ပြဿနာတွေကို စောစောစီးစီး ဖော်ထုတ် သိရှိနိုင်ဖို့ ရည်ရွယ်တာ၊ အလုံးစုံ ကျန်းမာရေးကို အတည်ပြုဖို့နဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး သေချာစေဖို့အတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလုံးစုံအနေနဲ့ သူ့ရဲ့ နှလုံး သွေးကြောစနစ်က သူ့ကျန်းမာရေး အထူး ကောင်းမွန်ကြောင်း ဖော်ပြနေပါတယ်။ သူ့ရဲ့ ဝမ်ဗိုက်ပိုင်း စစ်ဆေးမှု ရလဒ်ကလည်း သာမန်ပါပဲ။ အဓိက ကိုယ်တွင်းအင်္ဂါ အားလုံး အရမ်း ကျန်းမာနေပုံ ရပါတယ်လို့ ဘာဘာဘယ်လာက ပြောပါတယ်။

သံလိုက်ဓာတ်ကို အခြေခံထားတဲ့ စစ်ဆေးရေး နည်းပညာ ဒါမှမဟုတ် MRI စစ်ဆေးမှုကို ခန္ဓာကိုယ်ထဲမှာ အကျိတ်တွေ ရှိ၊မရှိနဲ့ လေသင်တုန်း ဖြတ်တာမျိုးလို ပြင်းထန်တဲ့ အခြေအနေမျိုးတွေကို စစ်ဆေးရာမှာ သုံးသလို ခန္ဓာကိုယ်တစ်သျှူး စုတ်ပြဲမှုနဲ့ ရောင်ရမ်းမှုတို့လို အသေးစား ပြဿနာတွေကို စစ်ရေးရာမှာလည်း အသုံးပြုပါတယ်။

အမေရိကန် ရာဇဝင်မှာ အသက်အကြီးဆုံး သမ္မတ ဖြစ်တဲ့ ထရန့်ကို သတင်းထောက်တွေက အဲဒီ ဆေးရုံသို့ သွားရောက်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မကြာသေးခင်က မေးမြန်းရာမှာ သူက မေးခွန်းတွေကို ရှောင်ရှားပြီး သူ့ရဲ့ ကျန်းမာရေးအဖွဲ့ကို မေးမြန်းကြဖို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ဒုတိယသမ္မတ သက်တမ်း အတွင်း ထရန့်ရဲ့ ညာဖက်လက်ပေါ်မှာ ပွန်းပဲ့ရာ တစ်ခု မကြာခဏ ဆိုသလို တွေ့ရပြီး မိတ်ကပ်တွေနဲ့ ဖုံးအုပ်ထားတာကိုလည်း တွေ့ရပါတယ်။

ထရန့်ဟာ ခြေထောက်တွေ ရောင်ရမ်းနေပြီး သွေးလည်ပတ်မှု အားနည်းနေတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရင်းမြစ် တချို့က ပြောဆိုနေကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.