လန်ဒန်၊ ဒီဇင်ဘာ ၁

အာဖဂန်နစ္စတန်မှာ ဗြိတိန် အထူးတပ်ဖွဲ့တွေဟာ သံသယရှိသူတွေကို ကွပ်မျက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပုံရကြောင်း၊ အဲဒီလုပ်ရပ်တွေကို ကွပ်ကဲအုပ်ချုပ်ရေး အဆင့်ဆင့်က ကျယ်ကျယ်ပြန့်ပြန့် သိထားပေမယ့်လည်း ဘာတစ်ခုမှာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ အစိုးရ စုံစမ်း စစ်ဆေးရေးအဖွဲ့သို့ အကြီးတန်း ဗြိတိန် အရာရှိဟောင်း တစ်ဦးက ပြောကြားလိုက်ပါတယ်။

ထိပ်တန်း အထူးလေကြောင်းတပ်ဖွဲ့ (SAS) က စစ်သားတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုက အာဖဂန်နစ္စတန်မှာ စစ်ပွဲအတွင်း လူ ၅၄ ဦးကို သံသယ ဖြစ်စရာကောင်းတဲ့ အခြေအနေတွေမှာ သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘီဘီစီ ရုပ်သံမှတ်တမ်းက ဖော်ပြခဲ့ပြီးနောက် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

တာလီဘန်တွေနဲ့ တခြား စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဗြိတိန်တပ်ဖွဲ့တွေရဲ့ ၂၀၁၀ နှစ်လယ်ပိုင်းကနေ ၂၀၁၃ နှစ်လယ်ပိုင်းအထိ ညအချိန် စီးနင်းမှုတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပါတယ်။

SAS အပေါ် စွပ်စွဲချက်တွေအပါအဝင် အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်တွေ စည်းကမ်းချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်က ဗြိတိန်စစ်ဖက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု အများအပြား ပြုလုပ်ခဲ့ပေမယ့် ဥပဒေအရ စွဲချက်တင်ရလောက်အောင် လုံလောက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် ရှိ၊မရှိ စစ်ဖက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အသေချာ ဆောင်ရွက်ခဲ့ခြင်း ရှိ၊မရှိနဲ့ တရားမဝင် သတ်ဖြတ်မှုတွေကို ဖုံးကွယ်ထားသလား ဆိုတာတွေကို စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် အကြီးတန်းတရားသူကြီး ချားလ်စ် ဟာဒွန် ကေ့ဗ်က ဥပဒေချိုးဖောက်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးရေးနဲ့ ဘာတစ်ခုမှ အမှားမလုပ်ခဲ့သူတွေကို သံသယစာရင်းက ဖယ်ထုတ်ရေး အရေးကြီးကြောင်း ပြောပါတယ်။

သူ့ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အရင်ကလည်း အာဖဂန်နစ္စတန်မှာ UKSF1 လို့ ခေါ်တဲ့ ဗြိတိန် တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်နိုင်တဲ့ အရွယ်ရှိ အမျိုးသားတွေကို အန္တရာယ် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ သတ်ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်သို့ ရောက်ရှိခဲ့တဲ့ N1466 လို့ နာမည် ပေးထားတဲ့ ဗြိတိန် စစ်ဖက်ဆိုင်ရာ အရာရှိဟောင်း တစ်ဦးက ဗြိတိန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စုံစမ်းစစ်ဆေး အဖွဲ့ကို ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးတဲ့ ရန်သူ အရေအတွက်ဟာ သိမ်းဆည်းရမိတဲ့ လက်နက် အရေအတွက်ထက် ပိုများနေတယ်လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးရမိထားသူတွေကလည်း လက်နက်တွေ ကောက်ယူပြီးတော့ တိုက်ခိုက်ဖို့ ကြိုးစားလို့ ဒါမှမဟုတ် လက်ပစ်ဗုံးအသုံးပြုဖို့ ကြိုးပမ်းလို့ ပစ်သတ်လိုက်ရတယ်ဆိုတာကလည်း ယုံကြည်လို့ရမယ့် ပုံမပေါ်ဘူးလို့ သူက ဖြည့်စွက် ပြောပါတယ်။

ဗြိတိန် အထူးတပ်ဖွဲ့က အာဖဂန်နစ္စတန်မှာ ဥပဒေမဲ့ သတ်ဖြတ်ခဲ့သူတွေထဲမှာ အပြစ်မရှိသူတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.