ရေး၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၆ ခြေမြန်တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သား သုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
အဲဒီတပ်သား သုံးဦးဟာ နိုဝင်ဘာ ၃၀ ရက်နေ့က ရေးဘီလူးအဖွဲ့ စစ်မျက်နှာဖွင့်ထားတဲ့ ရှေ့တန်းနယ်နမိတ်ထဲ ထွက်ပြေးလာတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
သူတို့ သုံးဦးဟာ အမှတ် ၅၈၆ ခြေမြန်တပ်ရင်းကနေ လက်နက်မဲ့ ထွက်ပြေးလာကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ တပ်သား သုံးဦးဟာ အသက် ၂၃ နှစ်အရွယ် တပ်သား ချစ်ထွန်း၊ အသက် ၂၄ နှစ်အရွယ် တပ်သား အောင်သန်းဦး၊ အသက် ၂၉ နှစ်အရွယ် တပ်သား ရန်နိုင်ဝင်းတို့ ဖြစ်ပါတယ်။
ရေးမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်း အင်အားတွေနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အလင်းဝင်မှုတွေလည်း ရှိနေတာပါ။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်ချ အလင်းဝင်လာသူ စုစုပေါင်း ၂၂၄၆ ဦး ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူး

