ကိုလမ်ဘို ဒီဇင်ဘာ ၁
နှစ်များစွာအတွင်း အဆိုးရွားဆုံးရာသီဥတု ဘေးအန္တရာယ်တွေထဲက သီရိလင်္ကာမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့ပြီးနောက် အစိုးရက အရေးပေါ် အခြေအနေကြေညာထားပါတယ်။
လူပေါင်း ၂၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး နေအိမ် ၂၀၀၀၀ ကျော် ပျက်စီးခဲ့ပြီးနောက် လူပေါင်း ၁၀၈၀၀၀ ကျော် အစိုးရ ခိုလှုံရေးနေရာနေတွေဆီ ရောက်ရှိနေကြောင်း သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဒါဝါ တိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံရဲ့ သုံးပုံ တစ်ပုံကျော်မှာ လျှပ်စစ်မီးနဲ့ ရေပြတ်လပ်နေပြီး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သီရိလင်္ကာအရာရှိတွေက ပြောပါတယ်။
ဒါက နိုင်ငံ့ရာဇဝင်မှာ စိန်ခေါ်မှု အများဆုံး သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ်တယ်လို့ သမ္မတ အနူရာ ကုမာရ ဒီဆန်နာယာကီက ပြောကြားပြီး ထိခိုက်ပျက်စီးမှု များလွန်းတာကြောင့် ပြန်လည် တည်ဆောက်ရေး အဆင့်ဆင့် လုပ်ဆောင်ရလိမ့်မယ်လို့ ပြောကြားပါတယ်။

ကီလာနီမြစ်ရေဟာ ဆက်လက်ပြီး အလျင်အမြန် မြင့်တက်နေဆဲ ဖြစ်တာကြောင့် တချို့ဒေသတွေမှာ ဘေးကင်းရာ ရွှေ့ပြောင်းရေး ဆက်လက် ညွှန်ကြားထားဆဲ ဖြစ်ပါတယ်။
နိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာ တစ်ရွာမှာ နေအိမ် ၁၅ လုံး ရေမြုပ်သွားပြီး အသက်ရှင်သူ တစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။
ရဲတပ်ဖွဲ့၊ အရပ်ဖက် ကယ်ဆယ်ရေးနဲ့ စေတနာ့ဝန်ထမ်းတွေအပြင် အစိုးရက ကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ချထားပေမယ့် အဆိုးရွားဆုံး ထိခိုက်ရာ ဒေသတွေကို လက်လှမ်းမမီနိုင် ဖြစ်နေပါတယ်။
သေဆုံးမှု အများဆုံးကတော့ ကန်ဒီနဲ့ ဘာဒူလာဒေသ ဖြစ်ပြီး အခုအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
မြေပြိုပြီး လမ်းတွေအားလုံး ပိတ်ကုန်တာကြောင့် ရွာသားတွေ တစ်ယောက်မှ ထွက်မပြေးနိုင်ခဲ့ကြဘူးလို့ တခြား ရွာတစ်ရွာက အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
အစိုးရက နိုင်ငံတကာ အကူအညီ တောင်းခံထားသလို ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ ရေဘေးအတွက် အလှူငွေထည့်ဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဒါဝါဟာ ကျွန်းနိုင်ငံ သီရိလင်္ကာ အရှေ့ဖက် ကမ်းရိုးတန်းသို့ နိုဝင်ဘာ ၂၈ ရက်က ဝင်ရောက် တိုက်ခတ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း သီရိလင်္ကာနဲ့ ဝေးရာသို့ ရွေ့လျားသွားခဲ့ပါတယ်။
သီရိလင်္ကာမှာ လောလောဆယ် မုတ်သုန်ရာသီ ဝင်ရောက်နေပေမယ့် ဒီလို ပြင်းထန်တဲ့ ရာသီဥတု အခြေအနေနဲ့က ကြုံခဲလှပါတယ်။
သီရိလင်္ကာမှာ ၂၀၀၃ ခုနှစ် ဇွန်လက အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံတွေ့ခဲ့ရပြီး လူ ၂၅၄ ဦး သေဆုံးခဲ့ကာ ထောင်နဲ့ချီ ရေဘေးရှောင်ခဲ့ရပါတယ်။
အရှေ့တောင် အာရှမှာ အဆိုးရွားဆုံး ရေကြီးရေလျှံဖြစ်မှု တချို့နဲ့ ရင်ဆိုင်နေရပြီး ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရေဘေးကြုံနေချိန် သီရိလင်္ကာမှာ ဆိုးရွားတဲ့ ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာကြီး ပူနွေးမှု အခြေအနေပိုမိုဆိုးရွားလာပြီး ရာသီဥတု ပြောင်းလဲမှုနဲ့အတူ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေ ဖြစ်ပေါ်မှု အကြိမ်ရေ စိပ်လာပြီး ပြင်းထန်မှုလည်း ပိုများလာနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
သီရိလင်္ကာမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းဆီသို့ ရွေ့လျား တိုက်ခတ်မယ်လို့ မျှော်လင့်ရပါတယ်။
Ref:BBC

