မော်လမြိုင်၊ ဒီဇင်ဘာ ၁
စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ် ဝေဖန်မှုကြောင့် လူဝတ်လဲ ဖမ်းဆီးအမှုဖွင်ခံရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် ကျောင်းတိုက်ကို စစ်ကော်မရှင်က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဇေတဝန်ကျောင်းတိုက် သာသနာနွယ် ဆရာတော် အရှင် စန္ဒဇောတိရဲ့ သာသနဝံသ ကျောင်းဆောင်နဲ့ သာသနာနွယ်ဖောင်းဒေးရှင်းကျောင်းဆောင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ ချိပ်ပိတ်သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။

မော်လမြိုင်သာသနာနွယ် ဆရာတော်ဟာ စစ်ကော်မရှင်ရဲ့ မော်လမြိုင် တောင်ဝိုင်းတောင် တောင်မြေဖြိုမှုအပေါ် သဘာဝပတ်ဝန်းကျင် ထိခိုက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့တာပါ။
စစ်ကော်မရှင်က မော်လမြိုင်သာသနာနွယ် ဆရာတော်ဟာ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆရာတော်အား ဖမ်းဆီးစဉ် ကား ၅ စီးနဲ့ ဆိုင်ကယ် ၃ စီးကိုလည်း တစ်ပါတည်း သိမ်းဆည်းစစ်ဆေးနေပြီး လိုင်စင်မရှိရင် ကညန ဥပဒေအတိုင်း ထပ်မံအရေးယူသွားဖို့ စီစဉ်ထားတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆရာတော် အရှင် စန္ဒာဇောတိအား လူဝတ်လဲ ဖမ်းဆီးအမှုဖွင့်အရေးယူမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆရာတော် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

