မနီလာ၊ ဒီဇင်ဘာ ၁

ဖိလစ်ပိုင်မှာ ရိုမန်ကက်သလစ် ဘုရားကျောင်းအဖွဲ့ဝင်တွေအပါအဝင် လူထောင်ပေါင်းများစွာ နိုဝင်ဘာ ၃၀ ရက်က ဆန္ဒပြပြီး နိုင်ငံကို လှုပ်ခတ်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှုအတွင်း ပါဝင်ပတ်သက်နေတဲ့ ထိပ်တန်း လွှတ်တော်အမတ်တွေနဲ့ အရာရှိတွေကို ဥပဒေအရ အလျင်အမြန် အရေးယူရေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မနီလာမြို့ရဲ့ အဓိက ဥယျာဉ်မှာ လက်ဝဲယိမ်းအဖွဲ့တွေ ဦးဆောင်တဲ့ သီးခြား ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်ပွားခဲ့ပြီး ပါဝင်ပတ်သက်တဲ့ အစိုးရအရာရှိတွေ ချက်ချင်း နုတ်ထွက်ကြဖို့နဲ့ ဥပဒေနဲ့ ရင်ဆိုင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အပူပိုင်း အာရှဒေသရှိ ကျွန်းနိုင်ငံမှာ ရေရှည် ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေ၊ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ကာကွယ်ရေးအတွက် စံလည်း မမီ၊ ချွတ်ယွင်းချက်တွေလည်း ရှိနေပြီးအမှန်တကယ် မရှိတဲ့ ရေဘေးထိန်းချုပ်ရေး စီမံကိန်းတွေအတွက် အပြစ်တင်ခံထားရတဲ့ ကြီးကြီးမားမား အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ အများပြည်သူ ဒေါသပြေလျော့စေရေး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ကတိုက်ကရိုက် ဆောင်ရွက်နေရပါတယ်။

သီးခြား ဆန္ဒပြပွဲတွေ လုံခြုံရေးအတွက် မနီလာ မြို့ပြဒေသမှာ ရဲတပ်ဖွဲ့ဝင် ၁၇၀၀၀ ကျော် ချထားခဲ့ပါတယ်။

မနီလာမြို့ရှိ မာလာကာနန်း သမ္မတနန်းတော် ခြံဝင်းကို လုံခြုံအရ ပိတ်ဆို့ထားပြီး အဓိက အဝင်လမ်းတွေနဲ့ တံတားတွေကို အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့တွေ၊ သံဆူးကြိုးအကာအရံတွေ၊ ထရပ်ကားတွေနဲ့ ပိတ်ဆို့ထားပါတယ်။

ပိုင်ဆိုင်မှု မတရားရယူမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၃၉ နှစ်အတွင်း သီးခြားအနေနဲ့ သမ္မတ နှစ်ဦး ဖြုတ်ချခံခဲ့ရတဲ့ သဘောများစွာ ကွဲလွဲနေတဲ့ ဒီမိုကရေစီနိုင်ငံမှာ မားကို့စ် အစိုးရအပေါ် ထောက်ခံမှု ရပ်ဆိုင်းဖို့ သီးခြား တောင်းဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

အဲဒီလို တောင်းဆိုမှုတွေကို ဖိလစ်ပိုင်စစ်တပ်က အခိုင်အမာ ပယ်ချထားပါတယ်။ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေမှာ ဖိလစ်ပိုင် စစ်တပ်ပါဝင်ဖို့ တောင်းဆိုမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပယ်ချထားတဲ့ စစ်ဦးစီးချုပ် သုံးဦး အပါအဝင် အငြိမ်းစား စစ်ဗိုလ်ချုပ် ၈၈ ဦး လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက် တစ်ရပ်ကို ဖိလစ်ပိုင် စစ်တပ်က နိုဝင်ဘာ ၃၀ ရက်က ကြိုဆိုခဲ့ပါတယ်။

ဖိလစ်ပိုင် စစ်တပ်ဟာ ဒီမိုကရေစီကို မြဲမြံစွာ စောင့်ရှောက်သူ၊ တည်ငြိမ်ရေး အဓိက ဒေါက်တိုင်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း မိမိတို့ရဲ့ လက်ရှိ ခေါင်းဆောင်တွေနဲ့ အရင်ခေါင်းဆောင်တွေက တညီတညွတ်လည်း ပြောဆို အတည်ပြုထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်း ရိုမန်ကက်သလစ် ဘုရားကျောင်းတွေက သူတို့ရဲ့ ဒေသတွေမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင် ကူညီပေးခဲ့ကြပြီး မြို့တော်ရှိ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲမှာ လူအင်အား ၅၀၀၀ ကျော် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မကြာသေးခင်နှစ်တွေက အမှန်တကယ် ဆောက်လုပ်မှု မရှိခဲ့တဲ့ ရေဘေးထိန်းချုပ်ရေးစီမံကိန်း ထောင်ပေါင်းများစွာရဲ့ နောက်ကွယ်က လွတ်တော်အမတ်တွေ၊ အရာရှိတွေနဲ့ ဆောင်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်တွေကို ထောင်ချပြီး သူတို့ခိုးယူထားတဲ့ ရန်ပုံငွေတွေ ပြန်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြ ပါတယ်။

အကျင့်ပျက်သူတွေနဲ့ လူသတ်သမား အားလုံးကို ထောင်သွင်း အကျဉ်းချပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ရေဘေးထိန်းချုပ်ရေးဆိုင်ရာ စီမံကိန်းတွေအတွင်း မူမမှန်မှုတွေနဲ့ ပတ်သက်လို့ ဇူလိုင်လက လွှတ်တော် ရှေ့မှောက် သမ္မတက ပြောဆိုခဲ့ပြီး နောက်ပိုင်း အကျင့်ပျက်ခြစားမှု စုံစမ်း စစ်ဆေးမှုအတွင်း လူ ၇ ဦး ဖမ်းဆီးခံထားရပြီး တခြား ပါဝင်ပတ်သက်တဲ့ အရာရှိတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အဆိုပါ အကျင့်ပျက်ခြစားမှုအတွင်း သံသယရှိသူတွေရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၂၀၆ သန်းကို အာဏာပိုင် တွေက သိမ်းဆည်းထားပြီး ဖြစ်တယ်လို့ သမ္မတ မားကို့စ်က ပြောကြားထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.