တီဘလီစီ၊ ဒီဇင်ဘာ ၁

ပြီးခဲ့တဲ့နှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ဂျော်ဂျီယာ အာဏာပိုင်တွေက ပထမ ကမ္ဘာစစ်ခေတ် ဓာတုလက်နက်ကို အသုံးပြုခဲ့ကြောင်း ဘီဘီစီသတင်းဌာနက စုဆောင်းထားတဲ့ အထောက်အထားတွေက ဖော်ပြနေပါတယ်။

မြို့တော် တီဘလီစီရဲ့ လမ်းမတွေမှာ ဆန္ဒပြသူတွေဟာ မီးသတ်ပိုက်နဲ့ ပက်ဖြန်းခံရချိန်မှာ ရေက မီးလောင်သလို ခံစားရတယ်လို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေး ကြိုးပမ်းမှုကို ဂျော်ဂျီယာ အစိုးရက ရပ်ဆိုင်းလိုက်မှုအပေါ် ကန့်ကွက် ဆန္ဒပြသူတွေမှာ အသက်ရှူရခက်ခဲတာ၊ ချောင်းဆိုးတာနဲ့ အော့အန်တာမျိုးလို ရောဂါ လက္ခဏာတွေကို သီတင်းပတ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပါတယ်။

BBC World Service က ဓာတုလက်နက် ပညာရှင်တွေ၊ ဂျော်ဂျီယာ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က သတင်းဖွင့်ချသူတွေ၊ ဆရာဝန်တွေနဲ့ ဆွေးနွေးမေးမြန်းကြည့်ရာမှာ ကာမိုက်လို့ ပြင်သစ်စစ်တပ်က နာမည်ပေးထားတဲ့ ဒြပ်ပေါင်းတွေ အသုံးပြုခဲ့ကြောင်း ညွှန်ပြနေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရတာပါ။

ဘီဘီစီသတင်းဌာနရဲ့ စုံစမ်း ဖော်ထုတ်တွေ့ရှိချက်ဟာ အဓိပ္ပါယ် မရှိဘူးလို့ ဂျော်ဂျီယာ အာဏာပိုင်တွေက ပြောကြားပြီး ဆိုးရွားတဲ့ ရာဇဝတ်ကောင်တွေရဲ့ တရားမဝင် လုပ်ရပ်တွေကို တုံ့ပြန်ရာမှာ ရဲတပ်ဖွဲ့က တရားဝင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကာမိုက်လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းကို ပြင်သစ်စစ်တပ်က ပထမကမ္ဘာစစ်အတွင်း ဂျာမနီကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဓာတုလက်နက်ကို နောက်ပိုင်း အသုံးပြုမှုနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာ နည်းနည်းလေးပဲ ရှိပေမယ့် ရေရှည် ထိခိုက်မှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ၁၉၃၀ ပြည့်နှစ်တွေအတွင်း တချိန်ချိန်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အစားထိုး ပစ္စည်းအနေနဲ့ CS လို့ ခေါ်တဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကို နောက်ပိုင်းမှာ အသုံးပြုလာခဲ့ပါတယ်။

အီးယူ အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်ကို ဂျော်ဂျီယာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ဖော်ပြထားပေမယ့် အီးယူအဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း အာဏာရပါတီက ကြေညာပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ဂျော်ဂျီယာမှာ ဆန္ဒပြပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာ ရဲတပ်ဖွဲ့က မီးသတ်ပိုက်၊ ငရုတ်ကောင်း ဖြန်းဆေးနဲ့ CS ဓာတ်ငွေ့ အသုံးပြုမှု အပါအဝင် အဓိကရုဏ်း နှိမ်နှင်းရေး နည်းလမ်း အမျိုးမျိုး အသုံးပြုခဲ့ ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး မီးသတ်ပိုက်နဲ့ ရေပက်ဖြန်းခံခဲ့ရတဲ့ ဆရာဝန် တစ်ယောက် အရေပြား ရောဂါတွေ ခံစားရပြီး တော်တော်နဲ့ ပျောက်မသွားတာကြောင့် အွန်လိုင်းက စစ်တမ်း ကောက်ယူကြည့်ရာမှာ သူ့လို ဝေဒနာခံစားရသူ ရာနဲ့ချီရှိကြောင်း တွေ့ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ညတိုင်းနီးပါး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲလိမ်လည်တဲ့ စွပ်စွဲချက်နဲ့ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစိုးရဟာ ရုရှား အကျိုးစီးပွားတွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ဂျော်ဂျီယာ ပြည်သူ အများက စွပ်စွဲထားပေမယ့် အာဏာရ ဂျော်ဂျီယာအိပ်မက်ပါတီက ပယ်ချထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.